ဆားလင်းကြီး၊  ၂၁  ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်တွင် လယ်ဧက ၅၀၀ ကျော်အကျိုးပြုမည့် ကျားတက် - ရွှေချမ်းသာ ကျေးလက် ကုန်ထုတ်လမ်း ရာနှုန်းပြည့် ပြီးစီပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဝင်းထံမှ သိရသည်။

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အထောက်အပံ့ ငွေကျပ် ၅၅ ဒသမ ၀၄၃၈၃၃ သန်းဖြင့် အရှည် ၁ မိုင် ၂ ဖာလုံ၊ အကျယ် ၁၅ ပေ၊ ထု ၁ ပေ ၉ လက်မရှိ ကျေးလက်ကုန်ထုတ်လမ်းအား တင်ဒါအောင်မြင်သည့် ရဲမာန်ကုမ္ပဏီက ဩဂုတ်လပထမပတ်က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့သည်။ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကာ အဆိုပါကျေးရွာများရှိ လယ်ဧက ၅၀၀ ကျော်မှထွက်ရှိသော လယ်ယာထွက်ကုန်များကို ဈေးကွက်သို့ လျင်မြန်စွာပို့ဆောင်နိုင်ပြီဖြစ်သည်။

 

ဆားလင်းကြီးမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကအားထားလုပ်ကိုင်သည့် မြို့နယ်တစ်ခုဖြစ်သဖြင့် ကျေးလက်ကုန်ထုတ်လမ်းများ လိုအပ်လျက်ရှိရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဘတ်ဂျက်များဖြင့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ဇော်မင်းဌေး