မုံရွာ ဖေဖော်ဝါရီ ၁၉
ဝန်ထမ်းများ အသိပညာဗဟုသုတများ ပိုမိုရရှိစေရန်နှင့် နည်းပညာများကို တောင်သူများအား ချပြဆွေးနွေးပြီး လိုက်ပါဆောင်ရွက်နိုင်စေရန်နှင့် ဝန်ထမ်းများစွမ်းဆောင်ရည် ပိုမိုမြှင့်မားစေရန် ရည်ရွယ်၍ Home Garden နည်းပညာပေး သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက သင်တန်းအဖွင့်အမှာစကား ပြောကြားပြီး မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးသက်အောင်က Hydroponic စိုက်ပျိုးဆောင်ရွက်မှု နည်းပညာများအား လည်းကောင်း၊ ဒုလက်ထောက်ဦးစီးမှူး ဒေါ်နှင်းယုဝေက Hydroponic ဆောင်ရွက်ပုံ အဆင့်ဆင့်အား လည်းကောင်း၊ ဒုလက်ထောက်ဦးစီးမှူး ဒေါ်သဲသဲထွေးက ကောက်ရိုးမှို၊ ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်မှု နည်းပညာများကို လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးဖြိုးဝေက Home Garden စိုက်ပျိုးမှု နည်းပညာများကို လည်းကောင်း စာတွေ့လက်တွေ့ဖြင့် သင်တန်းသား၊ သင်တန်းသူ ၄၀ ဦး တစ်ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)