မုံရွာ ဇွန် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ(၅/၂၀၂၂) အစည်းအဝေးကို ဇွန် ၂၈ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း လာရောက်ကြသော မသန်စွမ်း ခရီးသွားများအတွက် အတားအဆီးမဲ့ သွားလာနိုင်ရေး ခရီးသွား ပတ်ဝန်းကျင်ကောင်းများ ရှိလာစေရန် စစ်ကိုင်းမြို့ရှိ မင်းကွန်းဒေသ လေးဌာန ဦးဆောင် ဆရာတော်များ၊ ဂေါပကအဖွဲ့များနှင့် Wheel Chair များ လှူဒါန်းနိုင်ရေးနှင့် Wheel Chair လမ်းများ အတွက် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးမြင့်စိန်က တိုင်းဒေသကြီးအတွင်း ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင် ပေးထားမှုအခြေအနေ၊ မေလအတွင်း ဟိုတယ်/တည်းခိုရိပ်သာ စည်ပင်သာယာလိုင်စင် တည်းခိုခန်းများတွင် ဧည့်သည်ဝင်ရောက်တည်းခိုမှု အခြေအနေနှင့် တိုင်းဒေသကြီးရှိ ထင်ရှားသည့် ခရီးစဉ်များကို ခရီးသွားများ လာရောက်လည်ပတ်မှု အခြေအနေ၊ မေလအတွင်း ခရီးသွားဝင်ရောက် တည်းခိုမှုအခြေအနေများနှင့် ခရီးလှည့်လည်ရေး ကုမ္ပဏီလုပ်ငန်းလိုင်စင် လျှောက်ထားလာခြင်းအား ခွင့်ပြုပေးရေး တင်ပြချက်များနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များက အကြံပြု ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ခရီးသွားဇုန် ခြောက်ဇုန်တွင် ဧည့်သည်ဝင်ရောက်မှု ပြည်တွင်း ၃၅၈၀၃ ဦး၊ ပြည်ပ ၅၁၆ ဦး စုစုပေါင်း ၃၉၀၁၉ ဦး ဝင်ရောက်ခဲ့ရာ တစ်ရက်လျှင် ပျမ်းမျှ ၂၅ ဦးခန့်လာရောက်လည်ပတ်ခဲ့ပြီး ဝင်ငွေရရှိမှုမှာ ငွေကျပ် ၄၈၇ ဒသမ ၉၈ သန်းနှင့် ဒေါ်လာ ၁၂၂၃၅ ဒေါ်လာ ရရှိခဲ့ကြောင်း၊ တိုင်းဒေသကြီးရှိ မြို့နယ်များတွင် ဟိုတယ်/တည်းခိုရိပ်သာ အလုံး ၆၀ အား အသိမှတ်ပြု လက်မှတ်များ ထုတ်ပေးထားကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)