မုံရွာ စက်တင်ဘာ ၂၁

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထင်ရှားသည့် ခရီးစဉ်ဒေသများသို့  ပြည်တွင်း/ပြည်ပ ခရီးသွားများ စိတ်အေးချမ်းသာစွာဖြင့် လာရောက်လည်ပတ်ကာ အလွှာအသီးသီးမှ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ဝင်ငွေများ ရရှိစေရေးတို့အတွက် ရည်ရွယ်၍ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၈/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင်ကျင်းပရာ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် အောင်မြင်စေရန်အတွက် ရည်ရွယ်၍ ကော်မတီများဖြစ်ကြသည့် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ယခုလို အစည်းအဝေး ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းကော်မတီဝင်များကြသည့် တိုင်းအဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များကလည်း ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် အကြံပြုချက်များကို ဆွေးနွေးတင်ပြကြရန်နှင့် မိမိတို့တိုင်းဒေသကြီးအတွက် ဆောင်ရွက်ရန် လိုအပ်ချက်များကို မိမိတို့အမြင်များနှင့် ပွင့်လင်းရင်းနှီးစွာ အကြံပြုဆွေးနွေး တင်ပြပေးသွားကြရန် ဖြစ်ပါကြောင်း။

 

ဟိုတယ်/ တည်းခိုရိပ်သာများအနေဖြင့် မိမိတို့လုပ်ငန်းများ ဝန်ဆောင်မှုကောင်းစေရန်၊ မိုးရာသီကာလ ဖြစ်သည့်အတွက် ဟိုတယ်/တည်းခိုရိပ်သာများ ဥပတိရုပ်ကောင်းမွန်ရေး၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာသပ်ရပ်ရေး၊ အခန်းခများကိုလည်း ဈေးနှုန်းသင့်တင့်မျှတရေးအတွက် အမြဲမပြတ်အောက်ခြေနှင့် ထိတွေ့ဆက်ဆံပြီး ကြပ်မတ်ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း၊ လာရောက်တည်းခိုကြမည့် ဧည့်သည်များ၏ မှတ်ပုံတင်ပါ အချက်အလက်နှင့် တည်းခိုနေထိုင်မည့်သူများကို တိုက်ဆိုင်စစ်ဆေးခြင်း လုံခြုံရေးအမြင်ရှိရှိဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။

 

တိုင်းဒေသကြီး ကော်မတီဝင်များအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မိမိတို့၏ ဘိုးဘွားအမွေအနှစ် ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အရင်းအမြစ်များကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြရန်နှင့် ဒေသခံပြည်သူလူထု အကျိုးရှိစေမည့် လုပ်ငန်းများကို လုပ်ဆောင်ရင်း ခရီးသွားလုပ်ငန်းဖြင့် လူမူစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်းကော်မတီ (၈/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးတွင် သြဂုတ်လတွင် တိုင်းဒေသကြီးအတွင်း ဟိုတယ်/တည်းခိုရိပ်သာ လိုင်စင်ထုတ်ပေးထားမှု အခြေအနေ၊ ဟိုတယ်/တည်းခိုရိပ်သာနှင့် စည်ပင်သာယာ တည်းခိုခန်းများတွင် ဧည့်သည်ဝင်ရောက်မှု အခြေအနေ၊ ထင်ရှားသည့် ခရီးစဉ်ဒေသများတွင် ခရီးသွားဝင်ရောက်မှု အခြေအနေ၊ ကလေးမြို့ရှိ ဟိုတယ် GBH  သက်တမ်းတိုး ဆောင်ရွက်ရေးနှင့် စစ်ကိုင်းမြို့ရှိ ထီလာဝင်း တည်းခိုရိပ်သာ လုပ်ငန်းမှ အခန်းတိုးချဲ့မှု ခွင့်ပြုနိုင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် ဝန်ကြီးချုပ်က တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ သြဂုတ်လအထိ ခရီးသွားဇုန် ၆ ဇုန်တွင် ဧည့်သည် ဝင်ရောက်မှုအနေဖြင့် ပြည်တွင်းခရီးသွား ၆၈၃၇၂ ဦး၊ ပြည်ပခရီးသွား ၉၄၁ ဦး စုစုပေါင်း ၆၉၃၁၃ ဦး ဝင်ရောက်ခဲ့ပြီး ဝင်ငွေရရှိမှုအနေဖြင့် ကျပ်သန်းပေါင်း ၈၉၃ ဒသမ ၃၆၉ သန်းနှင့် ဒေါ်လာ ၁၈၀၇၉ ရရှိကာ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁၂ မြို့တွင် ဟိုတယ်/ တည်းခိုရိပ်သာ ၆၁ လုံးအား အသိမှတ်ပြု လက်မှတ်များ ထုတ်ပေးထားကြောင်း သိရသည်။  

 

တိုင်းဒေသကြီး(ပြန်/ဆက်)