ဧပြီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကို ဧပြီ ၂၆ ရက် နံနက် ၁၀ နာရီတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း လာရောက်လည်ပတ် တည်းခိုနေထိုင်ကြမည့် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ ဘေးကင်းလုံခြုံစွာဖြင့် စိတ်ချမ်းမြေ့ပျော်ရွှင်စွာ သွားရောက်လည်ပတ်နိုင်ရေး တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီဝင်များက တက်သိပညာရှင်များ၊ ဆက်စပ်ဌာနဆိုင်ရာများ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပ ခရီးသွားများ စိတ်ဝင်စားသည့် အထင်ကရ ခရီးစဉ်ဒေသများ၊ ထင်ရှားသော ဘုရားပုထိုးစေတီများ ရှိသည့်အပြင် သာယာလှပသည့် တောတောင် သဘာဝနှင့် တိုင်းရင်းသားရိုးရာ ဓလေ့များစွာလည်း ရှိပါကြောင်း။
တိုင်းဒေသကြီးအတွင်း သွားလာလည်ပတ်စရာ ခရီးစဉ်နေရာများကို ပြည်တွင်း/ပြည်ပ ခရီးသွားများ စိတ်လက်အပန်းဖြေ လာစေချင်စဖွယ်ဖြစ်အောင်၊ သန့်ရှင်းသပ်ရပ်ပြီး ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အတူ ပြင်ဆင်လုပ်ဆောင်ထားပါက ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာမည် ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်လာရေး ခရီးသွားများ ယုံကြည်စိတ်ချစွာ တည်းခိုနေထိုင်ရေးတို့အတွက် နယ်မြေဒေသအခြေအနေအရ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဝင်များနှင့် ခရီးသွားတတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်း ကိုယ်စားလှဝ်များ၊ ခရီးသွားနှင့် ဆက်စပ်သည့်ဌာနဆိုင်ရာများ၊ DMO များအနေဖြင့် တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လာရောက်သော မသန်စွမ်းခရီးသွားများအတွက် အတားအဆီးမရှိသော ခရီးသွားပတ်ဝန်းကျင်ကောင်းများ ရှိလာစေရန် ရှေ့ပြေးစီမံကိန်း Pilot Project ဖော်ဆောင်ရန် စစ်ကိုင်းမြို့ရှိ ကောင်းမူတော်နှင့် မင်းကွန်းဒေသ၊ မုံရွာမြို့ရှိ ဗောဓိတစ်ထောင်ဘုရား၊ မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားတို့အား လျာထားပါကြောင်းနှင့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးမြင့်စိန်က ယခင်ကျင်းပပြုလုပ်ခဲ့သည့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များ ဆေင်ရွက်ပြီးစီးမှု အခြေအနေ၊ တိုင်းဒေသကြီးအတွင်းရှိ အထင်ကရ ဘုရားပုထိုးစေတီများတွင် ပြည်တွင်း/ပြည်ပ ခရီးသွားများ ဝင်ရောက်မှုအခြေအနေ၊ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်ထုတ်ပေးထားမှု အခြေအနေနှင့် ယခုအစည်းအဝေးတွင် ဆုံးဖြတ်မည့်အမှာစာများ၊ သက်တမ်းတိုး ဟိုတယ် ၈ လုံး၊ တည်းခိုရိပ်သာ ၅ လုံး၊ ဧည့်လမ်းညွှန် ၁ ဦး၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန် ၁ ဦးတို့အား သက်တမ်းတိုး ခွင့်ပြုမိန်များနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များတွင် ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်ခွင့်ပြုထားသည့် ဟိုတယ် ၃၉ လုံး၊ တည်းခိုရိပ်သာ ၂၁ လုံး စုစုပေါင်း အလုံး ၆၀ ၌ အခန်းပေါင်း ၂၀၄၀ ခန်းရှိရာ တိုင်းဒေသကြီးအတွင်းရှိ အထင်ကရ ဘုရားပုထိုးစေတီများတွင် ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှု စုစုပေါင်း ၇၈၈၆ ဦး လာရောက်တည်းခို လည်ပတ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)