စစ်ကိုင်း ၂၈ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မြောင်းမြို့နယ် ဆယ်ပင်ကျေးရွာအတွင်း ဧရာဝတီမြစ်လယ်ကျွန်းပေါ်ရှိ သဘာဝ သဲသောင်ပြင်ပေါ်တွင် ဒေသခံများ၏ ဖန်တီးမှုများဖြင့် အလှဆင်ထားသည့် ရွှေကျွန်းသာ အပန်းဖြေစခန်းသို့ ခရီးစဉ်ဒေသအဖြစ် လာရောက်လည်ပတ် အပန်းဖြေသူများ ယခုနှစ်အတွင်း ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။

 

4

 

အဆိုပါရွှေကျွန်းသာ အပန်းဖြေစခန်းကို ဒီဇင်ဘာ ၂၃ ရက်က စတင်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ ဝန်ဆောင်မှုသဘောတရားများ ဖြန့်ဝေပေးရန် စိုက်ပျိုးမြေအဖြစ် အသုံးပြု၍ မရသည့် သဲသောင်ပြင်ပေါ်တွင် အများပြည်သူ ပျော်ရွှင်စွာ အပန်းဖြေနိုင်ရန်၊ တံငါလုပ်ငန်းအစားထိုး ဝင်ငွေရရှိရေး လုပ်ငန်းအဖြစ် ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွင် ပါဝင်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားဖွံ့ဖြိုးရေး ကော်မတီအဖွဲ့ဝင် ဦးမင်းထင်က ပြောသည်။

 

1

 

''ဒီအပန်းဖြေစခန်းကို ခရီးသွားတွေ စိတ်ဝင်တစားနဲ့ လာရောက်လည်ပတ် အပန်းဖြေကြတာ ဒီနှစ်အတွင်းမှာ ပိုပြီးများပြားလာတာ တွေ့ရတယ်။ နေ့စဉ်ပုံမှန် လူဦးရေ ၄၀၀ လောက် လာရောက်အပန်းဖြေနေကြပြီး ပိတ်ရက်တွေမှာတော့ ၇၀၀ လောက်အထိ လာကြတယ်။ ဒါကြောင့် သဲသောင်ပြင်ပေါ်မှာ စွန့်ပစ်ပစ္စည်းတွေနဲ့ ဖန်တီးပြုလုပ်ထားတဲ့ အလှဆင်မှုတွေ ရိုးရိုးထိုင်ခုံအစား မန်ကျည်းသားနဲ့ ပြုလုပ်ထားတဲ့ ငရုတ်ဆုံပုံစံ ထိုင်ခုံတွေ သဲပန်းပုတွေ ရေပေါ်စက်ဘီးတွေ မြင်းစီးတာတွေ စတဲ့ ဖန်တီးမှုတွေနဲ့ အပန်းဖြေမှု မျိုးစုံခံစားနိုင်အောင် ဖြည့်တင်းဆောင်ရွက်ထားပြီး ဖွင့်ပွဲအခမ်းအနားကိုလည်း သက်ဆိုင်ရာဌာနက တာဝန်ရှိတွေကိုယ်တိုင် လာရောက် အားပေးဖွင့်လှစ်ခဲ့ကြတယ်။ ဒီထက်ပိုမိုပြည့်စုံတဲ့  အလှဆင်မှုတွေကိုလည်း ထပ်မံဖြည့်တင်းသွားမှာပါ '' ဟု ၎င်းက ပြောသည်။

 

56

 

အဆိုပါ အပန်းဖြေစခန်းကို မြစ်ရေကျချိန် သောင်ပြင်ပေါ်ထွန်းနေသည့် အချိန်အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ရရှိသည့် အကျိုးအမြတ်များမှ သောင်ပြင်နှင့်ဆက်စပ်နေသည့် ကျေးရွာများအတွက် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 

1

 

ရွှေကျွန်းသာ အပန်းဖြေစခန်းကို မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မြောင်းမြို့နယ်ကြား ဧရာဝတီမြစ်လယ်ရှိ သောင်ပြင်ပေါ်တွင် ဆောင်ရွက်ထားသည့်အတွက် ၎င်းမြို့နယ်များရှိ ကူးတို့ဆိပ်များမှ မော်တော်များဖြင့် လာရောက်နိုင်ပြီး ကူးတို့မော်တော်ယာဉ်ခနှင့် ဝင်ကြေးငွေ စုစုပေါင်း ငွေကျပ် ၁၀၀၀ နှုန်းသတ်မှတ်ထားကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)