နေပြည်တော်   ဇန်နဝါရီ   ၂၄

 

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်‌ ရေးဦးစီးဌာန မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ခန္တီးခရိုင်၊ ခန္တီးမြို့နယ်အတွင်း မယ်ပုတ် - ကျားကိုက် - မလန်ပိုင် ကျေးရွာချင်းဆက်လမ်း ၁၀ မိုင် အနက် ၄ မိုင်ဖောက် လုပ်ခြင်းလုပ်ငန်းနှင့် အဆိုပါ လမ်းပိုင်းပေါ်တွင် Box Culvert ၈ စင်း တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများ ၇၅ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လုပ်ငန်းပြီးစီးမှုများကို ခန္တီးခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြား ရေးမှူး ၊ Z.CO ကုမ္ပဏီမှ တည်ဆောက်ရေးတာဝန်ခံအင်ဂျင်နီယာတို့နှင့် တာဝန်ရှိသူတို့မှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

 

အဆိုပါလမ်းပိုင်း ဆောင်ရွက်ပြီးပါက ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာ ၁၃ ရွာမှ ကျေးရွာနေ ပြည်သူ ၃၆၅၀ ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး ဒေသ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)