နေပြည်တော် ဇူလိုင် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာ အုပ်စု၊ ပိတောက်ခုံရပ်တွင် ငွေစုခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ် နှစ်လုံး၊ သုံးလုံး (ချဲထီ) ရောင်းသည်ဟုဆိုကာ ဝင်ရောက် ဖမ်းဆီးခဲ့ပြီး အမှုဖွင့် အရေးယူခဲ့သည့်ကိစ္စတွင် ငွေကြေး တောင်းခံရယူခဲ့သည့် ကိုးတောင်ဘို့ရဲကင်းမှူးအား အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ ရဲကင်းမှူး ရဲအုပ်မင်းသန့်သည် ကိုးတောင်ဘို့ကျေးရွာ၊ ပိတောက်ခုံရပ်နေ တိုင်ကြားသူ၏ သမီးအား (၂)လုံးထီ ရောင်းချခြင်းအတွက် ဖမ်းဆီးခဲ့သည့်အမှုတွင် အမှုကိစ္စ ကူညီပေးမည်ဟု ပြောဆိုကာ ၂၀၁၈ ခုနှစ် ဇူလိုင် ၂၆ ရက်က တိုင်ကြားသူနှင့်၎င်း၏သားတို့ထံမှ ငွေကျပ် (၂)သိန်း၊ လက်ရေးမူ ပယ်ဖျက်ပေးမည်ဟု ပြောဆိုကာ ၂၀၁၈ ခုနှစ် သြဂုတ် ၆ ရက်က တိုင်ကြားသူထံမှ Wave Money ဖြင့် ငွေကျပ် (၁)သိန်း၊ စုစုပေါင်း ငွေကျပ် (၃)သိန်းကို တောင်းခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ရဲအုပ်မင်းသန့် (ယခု ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်နယ်မြေ ရဲစခန်း) အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။
(သတင်းစဉ်)


