နေပြည်တော် ၂၇ ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် ရေဝပ်ဧရိယာအတွင်း တရားမဝင် ရွှေမျောများနှင့် ပတ်သက်၍ အဂတိလိုက်စားသော ဌာနဆိုင်ရာ တာဝန်ရှိသူများအား စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်ပေးပါရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်းပေးပို့ခဲ့သည်။

လွှဲပြောင်းစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးကိုကို (ပ/၅၁၉၉) သည် တရားမဝင်ရွှေမျော လုပ်ကိုင် သူများထံမှ ငွေကျပ် ၃၀၀,၀၀ဝိ/- ကို လည်းကောင်း၊ ကျွန်းလှမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးဦး (ရဲ၄၃၀၂) သည် တရားမဝင်ရွှေမျော လုပ်ကိုင်သူများထံမှ ငွေကျပ် ၅၅၀,၀၀ဝိ/- ကို နှစ်ကြိမ်ခွဲ၍ လည်းကောင်း၊ ကျွန်းလှ မြို့မရဲစခန်း စခန်းမှူး ဒုတိယရဲမှူးသန်းထိုက် (ရဲ၅၀၀၃) သည် တရားမဝင်ရွှေမျော လုပ်ကိုင်သူများထံမှ ငွေကျပ် ၇၅၀,၀၀ဝိ/-ကို သုံးကြိမ်ခွဲ၍ လည်းကောင်း၊ တရားမဝင် ရွှေမျောလုပ်ကိုင်သူ (၇) ဦးတို့ထံမှ ငွေကျပ် ၂၉၀,၀၀ဝိ/ကို သုံးကြိမ်ခွဲ၍လည်းကောင်း၊ နယ်ထိန်းအဖွဲ့ခေါင်းဆောင် ဒုတိယရဲအုပ် မျိုးလွင် (လ ၁၉၉၂၁၂) သည် ငွေကျပ် ၂၅၀,၀၀ဝိ/- ကို သုံးကြိမ်ခွဲ၍ လည်းကောင်း၊ ကန့်ဘလူ ခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုစရိုက်နှိမ်နှင်းရေး အဖွဲ့ခေါင်းဆောင် ရဲအုပ် ရဲလင်း (လ ၂၂၂ ၈၈၇) သည် တရားမဝင်ရွှေမျော လုပ်ကိုင်သူများထံမှ ငွေကျပ် ၂၀၀,၀၀ဝိ/- ကို လည်းကောင်း လက်ခံရယူခဲ့ကြခြင်းဖြင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကျူးလွန်ခဲ့ကြခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းတို့ (၅) ဦး အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့မ ရဲစခန်း၌ ဇွန် ၂၆ ရက်တွင် ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။

သတင်းစဉ်