စစ်ကိုင်း ၁၇ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ဒေသခံဦးရေ ၆၅၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေရကြောင်း ကသာခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
ကသာခရိုင်အတွင်းရှိ ကသာမြို့နယ်တွင် ဇူလိုင် ၁၂ ရက်မှ ၁၇ ရက်ထိ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် အိမ်ခြေ ၁၀၄ အိမ်၊ လူ ၅၅၃ ဦး၊ ထီးချိုင့်မြို့နယ်တွင် အိမ်ခြေ ၂၅ အိမ်၊ လူ ၁၀၇ ဦးတို့ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေရကြောင်း သိရသည်။
" ရေဝင်လို့ပြောင်း ရွှေ့ရတဲ့အိမ်က ၁၀၄ အိမ်ရှိနေပါပြီ။ အခု ရေကလဲ ထပ်တိုးနေတော့ ဒီနေ့မှာလဲ ထပ်ပြီးပြောင်းရွှေ့နေတဲ့ အိမ်ထောင်စုတွေ ရှိပါတယ်။ ဒီနေ့အတွက် သတင်းကတော့ အတိအကျမရသေးပါဘူး ရေဝင်တဲ့အိမ်တွေကို ရပ်ကွက်၊ ကျေးရွာဓမ္မာရုံတွေ၊ ဘုန်းတော်ကြီး ကျောင်းတွေမှာ ရွှေ့ပြောင်းပေးထားပါတယ်" ကသာခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ခံ ဒေါ်ဝေဝေအောင်က ပြောသည်။
ကသာမြို့နယ်၏ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်မှာ ၁၀၄၀ စင်တီမီတာရှိပြီး ယနေ့နံနက် ၆ နာရီ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ၁၀၆၀ စင်တီမီတာသို့ ရောက်ရှိတာကို တွေ့ရသည်။ ရေဝင်မှုကြောင့် ရွှေ့ပြောင်းရသည့် လူနေအိမ်များကို ခုနစ်ရက်စာဆန် ရိက္ခာအတွက် တစ်ဦးလျှင် ငွေကျပ် ၂၁၀ဝ နှုန်းဖြင့် ပံ့ပိုးပေးသွား မည်ဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
မိုးကာလ၌ ရေကြီးရေလျှံမှု စသည့် သဘာဝဘေး အန္တရာယ်များ ကြုံတွေ့ရပါက ကူညီပံ့ပိုးပေးနိုင်ရန် ဗောကွင်း၊ အင်္ကျီ စသည့် အရေးပေါ် အသက်ကယ်ပစ္စည်းများ၊ ဒန်အိုး၊ ဒန်ခွက်၊ စောင်၊ ခြင်ထောင်၊ အိပ်ရာ၊ မိုးကာတဲ စသည့် မိသားစုအသုံးအဆောင် ပစ္စည်းများ၊ သန့်ရှင်းရေးသုံးပစ္စည်းများ၊ ရေသန့်ဘူး၊ ရေသန့်စင်ဆေး စသည့်ပံ့ပိုးရေး ပစ္စည်းများကို အိမ်ထောင်စု ၁၀ဝဝ စာအတွက် အဆင်သင့်ပြင်ဆင်ထားကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သိရသည်။
သူရိန်လင်း


