ဝန်းသို ၂၇ အောက်တိုဘာ 

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ် ကုသ ရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကသာခရိုင်၊ ဝန်းသိုမြို့နယ် နမ်းခမ်း ကျေးရွာ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးသန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

a

 

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးသန်းက "မူးယစ်ဆေးဝါးအန္တရာယ်ဟာ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တိုက်ဖျက်ရမှာဖြစ်ပါတယ်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ၂၀၁၉ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့တွင် ကျင်းပခဲ့သည့် စစ်ကိုင်း တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များ ထဲမှ မူးယစ်ဆေးစွဲသူများအား ဆေးဖြတ်ကုသပေးရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ရန်အတွက်လမ်းညွှန်မှုအပေါ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ပေးမှုဖြင့် လူငယ်များ၏ လူစွမ်းအားမရှုံးဆုံးစေရေး၊ ရပ်ရွာလူထုအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက်ရည်မှန်းပြီး ယခုလိုသင်တန်း ဖွင့်လှစ်ဆောင်ရွက်ရတာ ဖြစ်ပါတယ်"ဟု ပြောကြားသည်။ 

ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးဝင်းနိုင်ထွန်းက သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဝန်းသိုမြို့နယ် တိုင်းဒေသကြီးအမှတ် (၂) လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်းက ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကုသရေးဦးစီးဌာနမှ ဆရာဝန်ကြီးဒေါက်တာခင်မောင်သန်းက သင်တန်းသား၊ သင်တန်းသူများအတွက် ဆေးရည်စိမ် ခြင်ထောင်အလုံး(၅၀)အား ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးခင်ထွန်းထံသို့ ပေးအပ်ခဲ့သည်။ ဝန်းသိုမြို့နယ်အတွင်း မူးယစ်ဆေးစွဲသော လူငယ်များ စာရင်းကောက်ယူရာတွင် လာရောက်စာရင်း ပေးသွင်းသူ ၁၄၃ ဦးရှိပြီး ယခုပထမအကြိမ် သင်တန်းကို သင်တန်းသား ၅၀ ဦးဖြင့် ရက်ပေါင်း ၄၀ ကြာ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်ရှိနေသော မူးယစ်ဆေးစွဲလူငယ်များအား နောက်သင်တန်းများတွင် ဆက်လက်ဖွင့်လှစ်ပေးသွား မည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်မှုခံယူနေစဉ်ကာလအတွင်း အသက်မွေးဝမ်းကျောင်းသင်တန်းအဖြစ် တစ်လုံးထိုး အင်ဂျင်စက်ပြင်သင်တန်း၊ ဆိုင်ကယ်ပြုပြင်ရေး သင်တန်းတို့ကိုလည်း စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

a

 

အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့် အစိုးရအဖွဲ့မှ အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ်နှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်မှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မီဒီယာအဖွဲ့များ၊ ကျေးရွာအသီးသီးမှ သင်တန်း သား၊ သင်တန်းသူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။

 

a

 

မြို့နယ် (ပြန်/ဆက်)