ကနီ   ၁၂  သြဂုတ်


စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းနှင့် တာဝန်ရှိသူများသည် သြဂုတ် ၁၁ ရက်က ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ဆူးလေကုန်းကျေးရွာနှင့် နတ်ကြီးကျေးရွာတို့တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက နိုင်ငံတော်တွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဟူသော မဏ္ဍိုင်ကြီး(၃)ရပ်က အပြန်အလှန် ထိန်းကျောင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် တိုင်းဒေသကြီးလွှတ်တော်အနေဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အား ဥပဒေနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်ဥပဒေများကို ရေးဆွဲပေးလျက်ရှိပါကြောင်း၊ သက်ဆိုင်ရာ အစိုးရအဖွဲ့များက တင်ပြသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း တိုင်းဒေသကြီး လွှတ်တော်အနေဖြင့် ဘတ်ဂျက်များ စိစစ်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များကလည်း ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို လွှတ်တော်သို့ တင်ပြမေးမြန်းပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ဆွေးနွေးရာ မြစ်ရေတင်လုပ်ငန်း၊ ဆည်မြောင်းများ ဖော်ဆောင်ပေးနိုင်ရေး၊ အ.ထ.ကကျောင်း ကျောင်းဆရာ၊ ဆရာမ လိုအပ်ချက်များ မေးမြန်းဆွေးနွေးခြင်း၊ ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆောင်ရွက်ပေးနိုင်ရေး၊ ဒေသလုံခြုံရေး၊ မှုခင်းကျဆင်းရေးအတွက် အလေးထား ဆောင်ရွက်ပေးစေလိုခြင်းများ ဆွေးနွေးမေးမြန်းချက်များအပေါ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။


ယင်းနောက် နတ်ကြီးကျေးရွာအုပ်စု ကျေးရွာပြည်သူများနှင့် ဆက်လက်တွေ့ဆုံဆွေးနွေးရာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးသန်းက အဖွင့်အမှာစကား ပြောကြားသည်။


ထို့နောက် တက်ရောက်လာသော ပြည်သူများက ကျေးရွာချင်းဆက်လမ်း၊ ကျေးရွာလျှပ်စစ်မီးလင်းရေး၊ ကျေးရွာချင်းဆက်လမ်းများတွင် သဲ၊ ကျောက်ကားများ ဖြတ်သန်းမောင်းနှင်မှုများ၊ စာသင်ကျောင်းခြံစည်းရိုး ကာရံပေးနိုင်မှု၊ နတ်ကြီးမြစ်ရေတင် ဆောင်ရွက်ပေးနိုင်မှု အခြေအနေများ ဆွေးနွေးမေးမြန်းကြရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက ထပ်မံဖြည့်စွက် ရှင်းလင်းပြောကြားခဲ့သည်။


သန်းဌေးအောင်(ကနီ)