မြင်းမူ ၂၂ ဇူလိုင်
၂၀၂၀-၂၀၂၁ ခုနှစ်ပညာသင်နှစ် အထက်တန်းဆင့်ကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် သတ်မှတ်စည်းကမ်းချက်များနှင့် ညီညွတ်သော စာသင်ကျောင်းများကို ဇူလိုင် ၂၁ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ရာ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ရှိ အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားနေမှုများကို စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ မြင်းမူမြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဝေက ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်လွင်က ဖြည့်စွက် ပြောကြားသည်။
ယင်းနောက် လူမှုရေးဝန်ကြီးနှင့်အတူ လိုက်ပါလာကြသည့် တိုင်းဒေသကြီးပညာရေးမှူး ဦးတိုးဝင်း၊ ခရိုင်ပညာရေးမှူး ဒေါ်သိန်းသိန်း၊ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခိုင်ခင်ထားနှင့် မြို့နယ် အဆင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကျောင်းအတွင်း ပြင်ဆင်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်ချက်များနှင့် စာသင်ခန်းအတွင်း ကျောင်းသား ကျောင်းသူများ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စာသင်ကြားနေမှု အခြေအနေများနှင့် ပတ်သက်၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြင်းမူမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းဆင့် အစိုးရကျောင်း(၁၅)ကျောင်းနှင့် ကိုယ်ပိုင် အထက်တန် းကျောင်း(၃)ကျောင်းတို့မှာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဇူလိုင် ၂၁ ရက်မှ စတင် ဖွင့်လှစ်ခဲ့ရာ ကျောင်းသား ကျောင်းသူပေါင်း(၁၂၈၅)ဦး တက်ရောက် ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)


