နေပြည်တော်  ၁ မေ

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့ပေါင်း ၅၀၊ ကျေးရွာပေါင်း ၅၉၉၂ ရွာရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် မြို့ပေါင်း ၃၂ မြို့၊ ကျေးရွာပေါင်း ၁၃၄၇ ရွာတို့ကိုသာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့သော်လည်း ယခုအခါ မြို့ပေါင်း ၃၆ မြို့၊ ကျေးရွာပေါင်း ၂၆၀၉ ရွာတို့အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီ ဖြစ်သဖြင့် မြို့ ၄ မြို့နှင့် ကျေးရွာပေါင်း ၁၂၆၂ ရွာတို့ကို တိုးချဲ့ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ကလေးဝ-မော်လိုက် ဓာတ်အားလိုင်းနှင့် မော်လိုက်ဓာတ်အားခွဲရုံစီမံကိန်းကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ခဲ့ပြီး ပေ ၁၂၀၀ ခန့် မြင့်မားသော တောင်ပေါ်ဒေသရှိ မာကျောသော ကျောက်စိုင်ကျောက်သား များကို ခက်ခဲစွာတူးဖောက်ရသည့်အပြင် တောင်ကမ်းပါးအစွန်းတွင် ကျရောက်နေသော တိုင်များအတွက် မြေဖြတ်ရခြင်း၊ ပစ္စည်းများသယ်ပို့ရန် ချဉ်းကပ်လမ်းများ အချိန်ယူဖောက်လုပ်ရခြင်း စသည့် အခက်အခဲများကို ကျော်လွှားပြီး သတ်မှတ်စီမံကိန်းကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သော တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ရာနှုန်းပြည့်သို့လည်းကောင်း လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲနိုင်ရေး နိုင်ငံတော်အစိုးရ၏ ပံ့ပိုးဆောင်ရွက်မှုများနှင့်အတူ ရည်မှန်းချက်ပြည့်မီစေရေး ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းစသည့် အခန်းကဏ္ဍများကိုလည်း ဟန်ချက်ညီညီ တိုးတက်စေရန် စီမံဆောင်ရွက်လျက်ရှိသည်။ 

 

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအပိုင်းတွင်လည်း တိုးတက်သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကို ပြည့်မီစွာ ထုတ်လုပ်ပေးနိုင်ရန်အတွက် ယခုနှစ်တွင် ၁၁၆၆ မဂ္ဂါဝပ် တိုးတက်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ မကြာမီကာလတွင်လည်း ဓာတ်အားထုတ်လုပ်ရေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားများကို တိုးချဲ့ထုတ်လုပ် နိုင်တော့မည် ဖြစ်သည်။     

 

အခြားတစ်ဖက်တွင်လည်း ဓာတ်အားဖြန့်ဖြူးရေးအပိုင်းများကို ကြိုးပမ်းဆောင်ရွက်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်နှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပို့လွှတ်နိုင်ရေးအတွက် ၆၆ ကေဗွီ ကလေးဝ-မော်လိုက် ဓာတ်အားလိုင်း ၃၃ ဒသမ ၄ မိုင်နှင့် ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ မော်လိုက် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းစီမံကိန်းမှာလည်း တစ်ခုအပါအဝင် ဖြစ်သည်။ 

 

စစ်ကိုင်းတိုင်းဒေသကြီး အထက်ချင်းတွင်းဒေသရှိ မော်လိုက်မြို့ပေါ်တွင် အိမ်ထောင်စုပေါင်း ၁၆၆၈ စု ရှိသည့်အနက် ၈၃၆ စုကိုသာ တစ်နေ့လျှင် ဒီဇယ်ဓာတ်အားပေးစက်ဖြင့် ၄ နာရီခန့်သာ ဓာတ်အားပေးခဲ့ရာမှ ယခုအခါတွင် မြို့ပေါ်အိမ်ထောင်စုပေါင်း ၁၆၆၈ စုနှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် တွန်းပင်ကျေးရွာ၊ သရက်ပင်လယ် ချောင်ကျေးရွာ၊ မှော်ကူးကျေးရွာ စသည့် ကျေးရွာ (၃) ရွာမှာလည်း ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း၌ လျှပ်စစ်ဓာတ်အား ရရှိသွားမည်ဖြစ်ပြီး ကျန်ရှိသည့်ကျေးရွာများကိုလည်း လျှပ်စစ်ဓာတ်အား တိုးတက်ဖြန့်ဖြူး နိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်