မုံရွာ၊ ၁၅ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ကျောင်းဖြူကျေးရွာနေ ဉီးကျော်မိုးသည် ဒီဇင်ဘာ ၉ ရက်တွင် ကျောင်းဖြူကျေးရွာ၏ အနောက်ဘက် ပေ(၁၀၀၀)ခန့်အကွာရှိ ချောင်းအတွင်း ရေခပ်ရန်သွားရောက်စဉ် ချောင်းရေတိုက်စား၍ ကမ်းပါးပြိုကျထားသည့်နေရာတွင် ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် အလေးချိန် တစ်ကျပ်သားခန့်ရှိ ရွှေထည်ပစ္စည်းတစ်ခုကို တွေ့ရှိရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းဝေ၊ တစ်ရွာတည်းနေသူများဖြစ်သည့် ဦးချစ်စန်းဦး၊ ဦးလှမင်းဦးတို့အား ပြောပြကာ ကျေးရွာသားအချို့နှင့်အတူ အဆိုပါနေရာသို့ ထပ်မံသွားရောက်၍ ရှာဖွေခဲ့ရာတွင် ချောင်းကမ်းစပ်ရှိရေထဲမှ အလေးချိန် ငါးမူးသားကျော်ခန့်ရှိ ရွှေထည်ပစ္စည်း(၃)ခု ထပ်မံတွေ့ရှိခဲ့သည်။
အဆိုပါ တွေ့ရှိမှုနှင့်စပ်လျဉ်း၍ ရှေးဟောင်းရွှေထည်ပစ္စည်းများ တွေ့ရှိရာနေရာသို့ မြောင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန စစ်ကိုင်းဌာနခွဲမှ အရာထမ်း၊ အမှုထမ်းများပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ဒီဇင်ဘာ ၁၂ ရက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံအချို့အား တွေ့ဆုံ၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ရှေးဟောင်းပစ္စည်းများအား တရားမဝင်ရောင်းချခြင်းမပြုဘဲ နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ ဆုချီးမြှင့်ကြောင်းနှင့် မိမိတို့ဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ဒေသခံများက ဒီဇင်ဘာ ၉ ရက်က တွေ့ရှိရသော ရှေးဟောင်းရွှေထည်ပစ္စည်းများ အပါအဝင် ရွှေထည်ပစ္စည်း (၆)ခုနှင့် ကြေးဟင်္သာအလေးတစ်ခုတို့ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီသို့ အပ်နှံခဲ့ရာ တာဝန်ရှိသူများက အဆိုပါ ရှေးဟောင်းရွှေထည်ပစ္စည်းများကို ဒီဇင်ဘာ ၁၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ ပေးပို့အပ်နှံခဲ့ကြောင်း၊ ဝန်ကြီးချုပ်က ပစ္စည်းတွေ့ရှိသူ ဒေသခံများအတွက် ကြိုတင်ဆုကြေးငွေ ကျပ်(၅၁)သိန်း ချီးမြှင့်ပေးခဲ့ပြီး ဝန်ကြီးချုပ်မှတစ်ဆင့် အဆိုပါပစ္စည်းများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ ပေးပို့သွားမည်ဖြစ်ပြီး ဉီးစီးဌာနရှိ ပညာရှင်အဖွဲ့က ပစ္စည်းအမျိုးစားနှင့် ခေတ်ကာလသတ်မှတ်ချက်တို့ကို စစ်ဆေးပေးမည်ဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ ပေးပို့၍ အရည်အသွေးနှင့် အလေးချိန်တို့ကို စစ်ဆေးမည်ဖြစ်ကာ မူလရွှေထည်တန်ဖိုးအပြင် ခေတ်ကာလတန်ဖိုးနှင့် အနုစိတ်လက်ရာတို့ကို ဖြည့်စွက်ပေါင်းထည့်၍ ထိုက်တန်စွာ ဆုချီးမြှင့်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွန်းကိုကို(ပြန်/ဆက်)


