နေပြည်တော် ဒီဇင်ဘာ ၂၄

 

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ကျောက်တန်းရွာအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၃ ရက် ညပိုင်း တွင်  ဝင်ရောက်ကာ ဒေသခံ ၁၀ ဦးကျော်ကို ဖမ်းဆီးပြီး တစ်ဦးလျှင် ငွေကျပ်တစ်သောင်းဖြင့် ပြန်ရွေးခိုင်းသည်ဟု  Delta News Agency က သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင်  ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရသည်။

 

အဆိုပါသတင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ကျေးရွာအတွင်း အကြမ်းဖက်သမားများ ဝင်ရောက်မှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက ဒီဇင်ဘာ ၂၃ ရက် ညပိုင်းတွင်  ကျောက်တန်း ရွာသို့ ဝင်ရောက်ရှာဖွေရာ ဖောက်ခွဲဖျက်ဆီးမှုနှင့်ပတ်သက်သည့် ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ဒေသခံများအား ဖမ်းဆီးခဲ့ခြင်းမရှိကြောင်း သိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်အားပေးမီဒီယာများမှ ဖြစ်စဉ်၊ ဖြစ်ရပ်များကို အခြေခံ၍ မိမိတို့လိုရာ ဖန်တီးရေးသားပြီး ဒေသခံပြည်သူများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ အပေါ် အထင်အမြင်လွဲမှားစေရန် ရည်ရွယ် ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်