မုံရွာ နိုဝင်ဘာ ၃

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီနှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန် ပစ္စည်း နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က မုံရွာမြို့ ပြည်သူ့အားကစားကွင်း အတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း များရရှိစေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျော့ချစေရေးအတွက် အထောက်အကူပြုစေရန်၊ လူငယ်များ သမာအာဇီဝကျကျ လုပ်ကိုင်တတ်စေရန်ရည်ရွယ်၍ နည်းပညာသင်တန်းများကို ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းကပို့ချပေးမည့် နည်းပညာရပ်များကို စိတ်ပါ ဝင်စားစွာဖြင့် နာယူမှတ်သားသွားကြရန် တိုက်တွန်း ပြောကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းနည်းပြနှင့် သင်တန်းသူများထံ ငွေကျပ် ၅ သိန်း ထောက်ပံ့ပေးအပ်ပြီး သင်တန်းတွင်အသုံးပြုသွားမည့် သင်ထောက်ကူပစ္စည်းများကို လိုက်လံ ကြည့်ရှုအားပေးသည်။ အဆိုပါ နည်းပညာသင်တန်းကို အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၄ ရက်အထိ ၅ ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် သင်တန်းသူ ၂၈ ဦး တက်ရောက်ကြောင်း သိရသည်။

 

မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်းပသော ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုယာဉ်၊ ပြခန်းများပြသရေးနှင့် အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး အမှာစကားပြောကြားသည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်ကြသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လုပ်ငန်းများအောင်မြင်ရေးအတွက် ဌာနအလိုက် တာဝန်ယူဆောင်ရွက်ရမည့် အခြေအနေများနှင့် ပတ်သက်ပြီး အကြံပြုဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)