နေပြည်တော်   စက်တင်ဘာ   ၁၂

 

စစ်ကိုင်းတိုင်းဒေသကြီး    မုံရွာမြို့နယ်၌  PDF အမည်ခံ  အကြမ်းဖက်အဖွဲ့ အင်အားလေးဦးက သိန်းတရာရွှေဆိုင်အား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်သွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ  စက်တင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာမြို့နယ် ဘုရားကြီးရပ်ကွက် ဗိုလ်ချုပ်လမ်းမီးပွိုင့်အနီးရှိ သိန်းတရာရွှေဆိုင်၌  လုယက်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ  အဆိုပါ ရပ်ကွက်နေ ဦးချစ်လှိုင်(၇၉)နှစ် (ဘ)ဦးဖေထွေး ပိုင်ဆိုင်သည့်  သိန်းတရာရွှေဆိုင်သို့ သေနတ်များ ကိုယ်စီကိုင်ဆောင်ထားသည့် PDF အမည်ခံ  အကြမ်းဖက်အဖွဲ့အင်အား  လေးဦးခန့်က CRV အမျိုးအစား  အနက်ရောင်မော်တော်ယာဉ်ဖြင့်  ရောက်ရှိလာပြီး  ဆိုင်အတွင်းရှိနေသည့် ဦးချစ်လှိုင်၏  သမီးဖြစ်သူ  (၅၀)နှစ်နှင့်  ဆိုင်ဝန်ထမ်းများဖြစ်ကြသည့်  ဘုရားကြီးရပ်ကွက်နေ  မနုနုယဉ် (၃၄) နှစ် (ဘ) ဦးအောင်မိုး၊ ကန်သာဦးရပ်ကွက်နေ မစန္ဒီလေးအောင် (၂၇) နှစ် (ဘ) ဦးလေးအောင်၊ သလ္လာရပ်ကွက်နေ မဖြိုးမွန်ငြိမ်း (၃၂) နှစ် (ဘ) ဦးငြိမ်းမောင်၊ နန္ဒဝန်ရပ်ကွက်နေ ဦးတင်ထွန်း (၅၃) နှစ်  (ဘ) ဦးအောင်တို့အား သေနတ်ပြခြိမ်းခြောက်၍ မနော်ထူးအား ရွှေထည်ပစ္စည်းများ သိမ်းဆည်းထားသည့် အခန်းအားဖွင့်ခိုင်းကာ အသင့်ယူဆောင်လာသည့် လက်ဆွဲအိတ် နှစ်လုံးအတွင်းသို့ ရွှေလက်ကောက်နှင့် ရွှေဆွဲကြိုးမျိုးစုံ (စိစစ်ဆဲ) အား ထည့်၍  လုယက်ယူဆောင်ကာ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းလမ်းမှတစ်ဆင့်  ဘုရားနီလမ်းဘက်သို့ ၎င်းတို့မောင်းနှင်လာသည့်  မော်တော်ယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးသွားကြောင်း  သိရသည်။

 

အထက်ပါဖြစ်စဉ်မှ ရွှေဆိုင်အတွင်း ဝင်ရောက်ကာ သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများ လုယက် ယူဆောင်သွားခဲ့သူ  အကြမ်းဖက်သမားများကို  ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး  လုံခြုံရေးတပ်ဖွဲ့ဝင်များက  ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

 သတင်းစဉ်