ဒီပဲယင်း ၃၁ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးကမ်ဇာမုံသည် ဒီပဲယင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနက ဆောင်ရွက်ထားရှိသော Home Garden တောင်သူပညာပေး စိုက်ခင်းများကို ယမန်နေ့က ကွင်းဆင်းကြည့်ရှုခဲ့သည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအေးမင်းထွန်းက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို Power Point ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမင်းဝင်းက တောင်သူများနှင့် စိုက်ပျိုးရေး ဝန်ထမ်းများ ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုအားကောင်းလာပါက စိုက်ပျိုးရေးကဏ္ဍ ပိုမိုအားကောင်းလာမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးဦးစီးမှူးက ဒီပဲယင်းမြို့နယ်သည် ဆန်၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု အများဆုံး မြို့နယ်ဖြစ်ပြီး တိုင်းဒေသကြီး GDP ကို များစွာ အထောက်အကူပြုနေပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်ပြီး ဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြို့မနှင့် အေးသာယာတောင်သူနည်းပညာပေး ရှေ့တန်းစခန်း များသို့ သွားရောက်ရာ စခန်းတာဝန်ခံများက လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)


