မုံရွာ   ၃   ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယနေ့နံနက်(၉)နာရီက မုံရွာမြို့ မြို့တော်ခန်းမ၌ ပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားသို့ တက်ရောက်သည်။

 

ရှေးဉီးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ နှစ်စဉ် ဒီဇင်ဘာလ (၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် ၁၉၉၂ ခုနှစ်မှာ ကုလသမဂ္ဂညီလာခံက သတ်မှတ်ပြဌာန်း ပေးခဲ့ ပါကြောင်း၊ ဒါ့အပြင် ၁၉၈၃ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိကာလကို ကမ္ဘာ့ကုလသမဂ္ဂနိုင်ငံများ၏ မသန်စွမ်းသူများဆိုင်ရာ ဆယ်စုနှစ် အဖြစ် သတ်မှတ်ခဲ့ကြပါကြောင်း၊ ၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှ မသန်စွမ်းသူအခွင့်အရေးများ ဆိုင်ရာ သဘောတူစာချုပ်ကို ပြဌာန်းခဲ့ပါကြောင်း။

 

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့မှာ သဘောတူစာချုပ်ပါ အချက်အလက် များကို လိုက်နာဆောင်ရွက်ရန် လက်မှတ် ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့မှာ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဥပဒေကို ပြဌာန်းနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများကို ၂၀၁၇ ခုနှစ်တွင် ပြဌာန်းခဲ့ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ ကမ္ဘာ့ဘဏ်တို့မှ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ တွေအရ ကမ္ဘာ့လူဦးရေ သန်း(၁၀ဝ၀)ကျော်ဟာ မသန်စွမ်းမှု တစ်မျိုးမျိုးကိုခံစားနေရပြီး လူမှုရေး၊ စီးပွားရေး အလုပ်အကိုင်၊ ကျန်းမာရေး၊ ပညာရေးစသည့် အခွင့်အလမ်းများကို အများနည်းတူ လက်လှမ်းမီရရှိခံစားမှု နည်းပါးသည့် အပြင် ဆင်းရဲနွမ်းပါးမှုနှုန်းမြင့်မားခြင်း၊ ဝင်ငွေမလုံလောက်ခြင်း တို့ကိုလည်း ကြုံတွေ့နေကြရ ပါကြောင်း။

 

ဒီနှစ်အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးကချမှတ်ပေးသော ဆောင်ပုဒ်ကတော့ “ The Future is Accessible ” ဖြစ်ပြီး  မြန်မာမှုပြုထားတဲ့ ဆောင်ပုဒ်ကတော့ “ အတား အဆီး ကင်းရေးမျှော်မှန်းလို့ မသန်စွမ်းလူ့အခွင့်အရေးဖော်ဆောင်စို့ဖြစ်ပါကြောင်းနှင့် မသန်စွမ်းသူများဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သော အတားအဆီးများ ကင်းဝေး စေရန် မသန်စွမ်းသူများ၏ အခွင့်အရေး များကို ပိုမို ဖော်ဆောင်ပေးရန် ရည်ရွယ်၍ ချမှတ်ခဲ့ပါကြောင်း။

 

၂၀၁၄ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းအရ မြန်မာနိုင်ငံလူဦးရေ (၅၁)သန်းကျော်ရှိတဲ့အနက် (၄.၆)ရာခိုင်နှုန်းကျော်ဖြစ်သော (၂.၃)သန်းဟာ မသန်စွမ်းမှုကို ခံစားနေရတဲ့ လူတွေဖြစ်ကြောင်း အတိအလင်းကြေညာပြီး ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာ တော့ မသန်စွမ်းသူဦးရေ စုစုပေါင်း (၁၇၇၈၅၂)ဦးရှိပြီး အမြင်အာရုံ မသန်စွမ်းသူ (၁.၆)ရာခိုင်နှုန်း၊ အကြားအာရုံ မသန်စွမ်းသူ(၁.ဝ)ရာခိုင်နှုန်း၊ လမ်းလျှောက်အမြင့်တက်ပစ္စည်းကိုင်တွယ်ရာမှာ ခက်ခဲသူ(၁.၄)ရာခိုင်နှုန်း၊ သင်ယူ လေ့လာခြင်း၊ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှု ခက်ခဲသူ (၁.၁)ရာခိုင်နှုန်းရှိနေပါကြောင်း၊ မသန်စွမ်းသူများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာမူဝါဒများချမှတ်နိုင်ရန်လည်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှု တွေကို ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ ရှေးဦး အရွယ် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတိုင်းတာစစ်ဆေးပံ့ပိုးခြင်း ဝန်ဆောင်မှု (Early Childhood Intervention Services ECI) ဆိုင်ရာလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန် လူမှုဝန်ထမ်းဦးစီးဌာနဟာ UNICEF (Myanmar)၊ The Leprosy Mission (Myanmar) တို့နှင့်အတူ လက်တွဲ ဆောင်ရွက်လျက်ရှိပါကြောင်း။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ မသန်စွမ်းသူများများ၏ အခွင့်အရေးများဆိုင်ရာကော်မတီကို ဖွဲ့စည်း ထားရှိ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ  မသန်စွမ်းသူ စုစုပေါင်း(၁၄၁၆၄)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှုန်းဖြင့် ငွေကျပ်သိန်းပေါင်း လေးထောင့်နှစ်ရာကျော် (၄၂၄၉၂၀ဝ၀ဝ) ကျပ်ကို ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်း သူများနေ့ ဆောင်ပုဒ်နှင့်အညီ မသန်စွမ်းသူများအားလုံး အစွမ်းများကို မြှင့်တင်ပေးနိုင်ရန်အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း နေရာဒေသ အသီးသီးမှာ ရှိကြတဲ့ မသန်စွမ်းသူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးနှင့် နိုင်ငံဖွံ့ဖြိုးမှု လုပ်ငန်းစဉ်များတွင် တစ်တပ်တစ်အား ပါဝင်နိုင်ရေးအတွက်  မြှင့်တင်အားပေး ဆောင်ရွက် နေကြတဲ့ ဌာနဆိုင်ရာမျာ၊ ပြည်တွင်း၊ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအားလုံး ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ယခုလို စုစုစည်းစည်း ညီညီညွတ်ညွတ်နှင့် ပူးပေါင်းဆောင်ရွက်ကြတဲ့အတွက်လည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာတို့ရဲ့ မြတ်နိုးဖွယ်ရာဓလေ့ဖြစ်တဲ့ ဖေးမခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း၊ အပြန်အလှန်နားလည်ခြင်း၊ စုစည်းဆောင်ရွက်ခြင်းတို့ဖြင့် မသန်စွမ်းသူများဘဝ ဖွံ့ဖြိုးတိုးတက်လာအောင် သင်တန်းကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေး လုပ်ငန်းများ တိုးတက်များပြား လာစေ ရေး ဝိုင်းဝန်းဆောင်ရွက်ကြပါ။ ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ နည်းပညာ စွမ်းအားကို အသုံးပြု၍ မသန်စွမ်းသူများဘဝ ရေရှည်ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ကြပါ။ မသန်စွမ်းသူများအရေးဆောင်ရွက်နေ သော ကိုယ်အားကိုယ်ကိုးအဖွဲ့များ ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းလာနိုင်အောင် ပံ့ပိုးဆောင်ရွက်ကြပါ တိုက်တွန်း အမှာစကားပြောကြားသည်။

 

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဉီးမိုးကျော်သူက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံမှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားသည်။

 

ထို့နောက် မျက်မမြင်ကျောင်းများမှ ကျောင်းသားကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ကြည့်ရှုအားပေးခဲ့ပြီး အပြည်ပြည် ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အဆိုပြိုင်ပွဲနှင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲ၊ စစ်တုရင်နှင့် ပန်းချီပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိ သူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)