မုံရွာ ၈ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြို့တော်ခန်းမ၌ ၂ဝ၁၉ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တက်ရောက်အမှာစကား ပြောကြားပြီး ၂ဝ၁၉ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ပြိုင်ပွဲများတွင် ထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက တို့အင် တို့အား သီချင်းဖြင့်သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး (ပညာ) ဒေါ်ကြည်ကြည်မာက ကုလသမဂ္ဂအထွေထွေအတွင်းရင်းမှူးချုပ်၏ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ သဝဏ်လွှာကို ဖတ်ကြားကာ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ဘက်စုံပညာရည် တို့လှမ်းချီ”သီချင်းဖြင့် သီဆိုဖျော်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့က ၂ဝ၁၉ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၅)ဦးအား ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ခန်းမတွင် ခင်းကျင်းပြသထားသော ပြိုင်ပွဲများအလိုက် ထူးချွန်ဆုရ မှတ်တမ်းပြဘုတ်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “လူတိုင်းအတွက် ပညာရေး” သီချင်းဖြင့် သီဆို၍ အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဘိုးသန်းညွှန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ဝန်ထမ်းအကြီးအမှူးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများနှင့် ထူးချွန်ဆုရ ကျောင်းသားကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ထွန်းကိုကို(ယင်းမာပင်)


