မုံရွာ ၁၂ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယနေ့နံနက် ၉ နာရီက မုံရွာမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီး ၂၀၁၉ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “စစ်ကိုင်းတိုင်းဒေသကြီးတွင် မူးယစ်ဆေး အကြောထဲ ထိုးသွင်းသူများမှာ ၂၀ ဒသမ ၇၇ ရာခိုင်နှုန်း၊ အမျိုးသမီးလိင်လုပ်သားများတွင် ၄ ဒသမ ၈၅ ရာခိုင်နှုန်း၊ အမျိုးသားချင်း လိင်တူဆက်ဆံသူများတွင် ၄ ဒသမ ၈၁ ရာခိုင်နှုန်းအထိရှိပြီး အသက်(၁၅) နှစ်အထက်တွင် ရောဂါဖြစ်ပွားမှုနှုန်း သုည ဒသမ ၄၃ ရာခိုင်နှုန်းရှိပါကြောင်း၊ ထို့အပြင် အခြားကူးစက်မှု နည်းလမ်းများထက် မူးယစ်ဆေးဝါး အကြောထဲ ထိုးသွင်းမှုကြောင့် ဖြစ်ပွားမှုနှုန်း များပြားနေတာကို တွေ့ရှိရပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးဟာ HIV ဖြစ်ပွားမှု အများဆုံး တိုင်းဒေသကြီးနှင့်ပြည်နယ် (၅)ခုထဲတွင် ပါဝင်နေပြီး HIV ကူးစက်မှု လျော့ကျစေရန်နှင့် ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် Sagaing HIV Subnational Plan ကို ရေးဆွဲပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ကာ ART ဆေးဖြင့် စတင်ကုသလျှက်ရှိသော ဆေးရုံကြီးနှင့် ART ဌာနများ၊ စုစုပေါင်း (၁၂)ခုနှင့် ဆက်လက်တာဝန်ယူ ခွဲဝေတိုက်ကျွေးနေသော ဆေးရုံနှင့်ဌာနပေါင်း(၁၈)ခုရှိပြီး INGO,NGO များ ဆေးစတင်သောဌာန(၃)ခုရှိပြီး ART Satelite Site(၃)ခု ရှိပါကြောင်း၊ ၂၀၁၉-ခုနှစ် စက်တင်ဘာလအထိ ၎င်းဌာနများတွင် ARTဆေးဖြင့် ကုသမှုခံယူနေသော စုစုပေါင်းလူနာ (၁၃၀၄၄)ဦးရှိပါကြောင်းနှင့် ခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုင်ရာ အဓိကရည်မှန်းချက်များဖြစ်တဲ့ HIV ရောဂါပိုး ကူးစက်မှုအသစ်များ လျော့နည်းရေး၊ ကင်းစင်ပပျောက်ရေး၊ ရောဂါပိုးရှိသူ ဝေဒနာရှင်များအား ခွဲခြားနှိမ့်ချမှု ကင်းစင်ရေး၊ လိုအပ်သောဆေးကုသမှု ပြုစုစောင့်ရှောက်မှုများ လက်လှမ်းမီရရှိကာ သေဆုံးမှုလျော့ချရေး စတဲ့ ရည်မှန်းချက်များပြည့်မှီပြီး HIV ရောဂါပိုး ကူးစက်မှု လုံးဝကင်းဝေးတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် အမြန်ဆုံး ပေါ်ထွက်လာအောင် ဝိုင်းဝန်းကြိုးစားကြပါလို့ ”တိုက်တွန်းပြောကြားသည်။
ဆက်လက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သော ၂၀၁၉-ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ သဝဏ်လွှာကို စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးဌာနမှူး ဒေါက်တာဝင်းလွင်က ဖတ်ကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်အဖွဲ့က ၂၀၁၉-ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့် ပန်းချီ၊ ကာတွန်းနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများထံသို့ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အဆိုပါ ခန်းမအတွင်း ပြသထားသော အသိပညာပေး ပြဘုတ်များအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထွန်းကိုကို (ယင်းမာပင်)