မုံရွာ၊ ၂၇  ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး လွှတ်တော်ဉက္ကဋ္ဌနှင့်အတူ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌများ လိုက်ပါ၍ ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီက မုံရွာမြို့ပေါ်ရှိ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေးအတွက် အား/ကာသိပ္ပံ ကျောင်းရှိ အမျိုးသား/အမျိုးသမီးဆောင်တို့တွင် ပိုးတွေ့လူနာထားရှိရန် စစ်ကိုင်းတိုင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း၏ လှူဒါန်းမှုဖြင့် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ နန္ဒဝန်အိမ်ရာစခန်းရှိ Quarantine Center၊ စီးပွားရေးတက္ကသိုလ် Quarantine Center၊  ဒေါနခြံရပ်ကွက်ရှိ Quarantine Center များနှင့် မုံရွာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်တို့အား  သွားရောက်ကြည့်ရှုစစ်ဆေးပြီး စားသောက်ဖွယ်ရာ တို့ကို ထောက်ပံ့ ပေးအပ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့သည် တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဉီးစီးဌာနရုံးနှင့် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံးကြီးတို့တွင်  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေတို့ကို ကြည့်ရှုအားပေးသည်။

ထို့နောက်  မုံရွာမြို့ ပြည်သူ့ဆေးရုံကြီး တိုးချဲ့ ငါးထပ် လူနာကုသဆောင် ဆောက်လုပ်နေမှု အခြေအနေနှင့် မုံရွာတောင်ရပ်ကွက်ရှိ မုံရွာ-မြင်းမူ-မန္တလေးကားလမ်းပေါ်ရှိ တံတား အဆင့်မြှင့်တင် ဆောင်ရွက်နေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းကဏ္ဍများအလိုက် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အထူးအလေးထား ဆောင်ရွက်သွားကြရန် လမ်းညွှန် မှာကြားသည်။

ထွန်းကိုကို(ပြန်/ဆက်)