မုံရွာ  ၂၂   ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး Coronavirus Disease 2019  (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး  စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအတွင်းရှိ အလှူရှင်များနှင့်အတူ ယနေ့ နံနက်(၁၀)နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်ရေးအတွက် လှူဒါန်းပစ္စည်းများပေးအပ်ခြင်း ဂုဏ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်သည်။

 

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “ယခုအခါတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါပိုး တွေ့ရှိမှုမှာ ကလေးမြို့တွင် (၆)ဦးရှိလာပြီ ဖြစ်သဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ရန်ကုန်တိုင်းဒေသကြီး ပြီးလျှင် မိမိတို့ စစ်ကိုင်းတိုင်းဒေသကြီးသည် ဒုတိယရောဂါပိုး တွေ့ရှိသည့် တိုင်းတစ်တိုင်းဖြစ်လာပါကြောင်း၊ သိုဖြစ်ပါ၍ ရောဂါပြန့်ပွားမှုအား ထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အခုလို ‌မိမိတို့တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အလှူရှင်များက ဆန်၊ဆီနှင့် ရောဂါကာကွယ်ရေးပစ္စည်းများကို လှူဒါန်းပေးကြတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် မိမိတို့အစိုးရအဖွဲ့မှ အမှန်တကယ်လိုအပ်သည့်နေရာများသို့ လက်ဝယ်အရောက်ဖြန့်ဝေ ပေးသွားမည်ဖြစ်ပါကြောင်း၊ မိဘပြည်သူများအနေဖြင့်လည်း လိုအပ်လို့အပြင်ထွက်ကြရင် အားလုံး နားခေါင်းစည်းများ တပ်ဆင်ပေးကြဖို့နဲ့ မကြာခဏ လက်ဆေးကြဖို့ လိုကြောင်း၊  မိမိအနေဖြင့်လည်း ဒေသခံပြည်သူများ၏ အသံကိုနားထောင်လျက်ရှိပြီး လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ပြီး လိုအပ်ပါက မိမိတို့အထက် ဌာနသို့တင်ပြရမည့် လမ်းညွှန်မှုခံယူရန်ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း  အထက်ဌာနသို့တင်ပြပြီး  လမ်းညွှန်မှု ခံယူသွားမည်ဖြစ်ကြောင်းနှင့် ကမ္ဘာကပ်ရောဂါ ကိုဗစ်-၁၉ ကာကွယ် တိုက်ဖျက်ရေးတွင် ပြည်သူသာလျှင် အဓိကဖြစ်တဲ့အတွက်ကြောင့် အားလုံးပူးပေါင်း ဆောင်ရွက်ကြရန်” တိုက်တွန်းပြောကြားသည်။

 

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က စစ်ကိုင်းတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်ရေးအတွက် အလှူရှင်များဖြစ်သော ဆန်အိတ်(၁၀ဝ၀)အလှူရှင် ကမ္ဘောဘဏ်၊ ဆီ(၁၀ဝ၀)ပိဿာအလှူရှင် ဆီကုန်သည်ကြီးများအသင်းချုပ်၊ ဆန်အိတ်(၂၀ဝ၀)အလှူရှင် ရွှေတောင်ကုမ္ပဏီနှင့် မြန်မာဝမ်ပေါင်ကုမ္ပဏီလီမိတက်မှ COVID-19 ရောဂါကာကွယ်ရေးအတွက် ငွေကျပ် သိန်း(၃၀ဝ)တန်ဖိုးရှိ ကာကွယ်ရေးပစ္စည်းများအား လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကာ ပြည်သူများအတွက် စိတ်အေးချမ်းမြေ့ ကျန်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာစကား ပို့သပါကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

          

ထွန်းကိုကို(ယင်းမာပင်)