မုံရွာ ၂၈ မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်တို့ လိုက်ပါပြီး ယနေ့နံနက် ၉ နာရီက ကသာခရိုင် စီမံခန့်ခွဲမှုကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ကသာခရိုင်အတွင်း (၇)မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် အလှူငွေများနှင့် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ တိုင်းဒေသကြီးဝန်ကြီးများက အနီးကပ်ကြီးကြပ်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများဖြင့် စုပေါင်းကာ အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် လုပ်ငန်းများအရှိန်အဟုန်မြှင့် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ယနေ့အခမ်းအနားတွင် မိမိတို့အစိုးရအဖွဲ့နှင့် အလှူရှင်များပူးပေါင်းပြီး အလှူငွေများနှင့် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်အတွက်  ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ် အသုံးပြုရန်အတွက် ငွေကျပ်သိန်း(၆၅)နှင့် လိုအပ်လျက်ရှိသော PPE ဝတ်စုံ ၁၀၀ စုံ၊  အပူချိန်တိုင်း သာမိုမီတာ ၃၀ ခု နှင့် မက်စ် ၁၀၀၀ ခု စသည့် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းဖြစ်ပါကြောင်းနှင့် အားလုံးပူးပေါင်ပါဝင်ပေးကြဖို့ တိုက်တွန်းမှာကြားခဲ့သည်။

 

ဆက်လက်၍ ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က အသိပညာပေးပြောကြားပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများက မိမိတို့ဒေသအလိုက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် လိုအပ်ချက်များကို တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုကျေးဇူးတင်စကားကို တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသန်းက ပြောကြားခဲ့သည်။

 

ထိုသို့ လှူဒါန်းရာတွင် ကသာခရိုင်အတွင်းရှိ ကသာ၊ ထီးချိုင့်၊ အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူး၊ ကောလင်း၊ ဝန်းသို စသည့်မြို့နယ်များအတွက် ဆူထူးပန်ကုမ္ပဏီမှ ‌ ငွေကျပ်သိန်း(၃၀)နှင့် ကသာခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသော ကုမ္ပဏီ(၈)ခုမှ တာဝန်ရှိသူများက ကိုရိုနာဗိုင်းရပ်စ်အတွက် အသုံးပြုရန် ငွေကျပ်သိန်း(၃၅)နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုယ်အပူချိန်တိုင်း ကရိယာ(၃၀)ခု၊ နှာခေါင်းစည်း မက်စ်တစ်ထောင်ကို ပေးအပ်လှူဒါန်းရာ ကသာခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုန်နှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကသာခရိုင်အတွင်း ကိုရိုနာဗိုင်းရပ် ကြိုတင်ကာကွယ်ရေး စစ်ဆေးရေးဂိတ်များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် ဆေးဝါးများနှင့် အလှူငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)