မုံရွာ ၁၆ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွှန့်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေတို့နှင့်အတူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မုံရွာခရိုင်/မြို့နယ် ဉက္ကဋ္ဌများ၊ မြို့မိမြို့ဖများလိုက်ပါ၍ ယနေ့ နံနက် ၁၀ နာရီက မုံရွာမြို့ရှိ ဒေါနခြံရပ်ကွက်၊ မုံရွာစီးပွားရေးတက္ကသိုလ်နှင့် နန္ဒဝန်အိမ်ရာစခန်းတို့ရှိ Quarantine Centre များသို့ သွားရောက်စစ်ဆေးပြီး လိုအပ်သော ကျန်းမာရေးသုံးပစ္စည်းများအဖြစ် နှာခေါင်းစည်းများ၊ ဗီတာမင်စီ ဆေးပြားများနှင့် အချိုရည်ဘူးများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က မုံရွာ-မြင်းမူ-မန္တလေး ကားလမ်းပေါ်ရှိ တံတားဆောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးအတွက် စနစ်တကျ ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီးနောက် မုံရွာမြို့ ကန်သာယာကန် ပတ်လည်တွင် အလှပန်းပင်များနှင့် အရိပ်ရသစ်ပင်များ စိုက်ပျိုးထားမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးကာ အရိပ်ရအပင် စိုက်ပျိုးထားရှိမှုသည် လမ်းပေါ်သို့ ရောက်ရှိနေခြင်းအား ပြန်လည်၍ ပြောင်းရွှေ့စိုက်ပျိုးရန်၊ မလိုအပ်နေရာများတွင် စိုက်ပျိုးခြင်းမပြုရန် မှာကြားခဲ့သည်။
ထွန်းကိုကို (တိုင်းဒေသကြီး ပြန်/ဆက်)


