မုံရွာ ၇  သြဂုတ်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည်   တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  တိုင်း/ ခရိုင်/ မြို့နယ်အဆင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက် ၉ နာရီက  စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြလုပ်သော မီးငြိှမ်းသတ်ယာဉ်နှစ်စီး လွှဲပြောင်းပေးအပ်သို့ တက်ရောက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ချောင်းဦးမြို့ ရောက်ရှိစဉ် လမ်းညွှန်မှုအရ  ချောင်းဦးမြို့နယ်အတွင်းရှိ ချောင်းမနားကျေးရွာနှင့် နတ်ရေကန်ကျေးရွာတို့၏  မီးဘေးလုံခြုံရေးအတွက်  စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၇၈ ဒသမ ၄) သန်းဖြင့်  ဝယ်ယူထားသော  ‌ဂါလန် (၈၀၀) ဆံ့ ဒေါင်ဖန်း မီးငြိှမ်းသတ်ယာဉ်နှစ်စီးအား တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး မုံရွာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြလုပ်သော မီးသတ်စွမ်းရည် သရုပ်ပြပွဲအား ကြည့်ရှုအားပေးခဲ့သည်။

 

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ အောင်မဟာလမ်း (၁၁၉၅၅×၂၂) ပေ အဆင့်မြှင့်ခြင်းနှင့် လမ်းသားချဲ့၍ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးအခြေအနေ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အနော်ရထာလမ်း ကတ္တရာလမ်းချဲ့၍ လမ်းသားမြှင့်ခြင်း ဆောင်ရွက်မှုအခြေအနေနှင့် ကမ်းနားလမ်း အေးသာယာလမ်းဆုံအား အဖြောင့်ကတ္တရာ ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ လုပ်ငန်းများ အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထွန်းကိုကို(ယင်းမာပင်)