ပင်လည်ဘူး ၁၇ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများနှင့် ပင်လည်ဘူးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာပြည်သူများ၊ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၂ နာရီက ပင်လည်ဘူးမြို့ အခြေခံပညာ အထက်တန်းကျောင်း ဦးအောင်မြတ် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊ စည်ပင် သာယာရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး၊ လျှပ်စစ် စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဒေသခံပြည်သူများကို တွေ့ဆုံမိတ်ဆက်စကားများ ပြောကြားပြီးနောက် ပင်လည်ဘူးမြို့နယ်အတွင်းရှိ သိမ်ဇင်ကျေးရွာနှင့် မော်ဟိုင်းကျေးရွာမှ ဒေသခံ ကျေးရွာပြည်သူများက ပညာရေးကဏ္ဍနှင့် ပတ်သက်၍လည်းကောင်း၊ သာယာကုန်းကျေးမှ ဒေသခံတစ်ဦးက ပညာရေးနှင့် လူဝင်မှုကြီးကြပ်ရေး ကဏ္ဍများကိုလည်းကောင်း၊ မြို့မကျေးရွာ၊ နန်းတပ်ကျေးရွာ၊ တုံးမွန်းကျေးရွာ၊ တောင်ဘို့လှကျေးရွာ၊ တောင်မော်ကျေးရွာများမှ ဒေသခံ ကျေးရွာပြည်သူများက ကျန်းမာရေးကဏ္ဍဆိုင်ရာများကို လည်းကောင်း၊ ပန်းခူးကျေးရွာ၊ တုံးမွန်း ကျေးရွာနှင့် မော်ဟိုင်းကျေးရွာများမှ ဒေသခံကျေးရွာပြည်သူများက ဆက်သွယ်ရေးကဏ္ဍဆိုင်ရာများကို လည်းကောင်း၊ မြို့မရပ်ကွက်၊ ငါးကြင်းအင်းကျေးရွာ၊ မံစီလေးကျေးရွာ၊ အောင်းကုန်းကျေးရွာ၊ ကညင်ကုန်းကျေးရွာ၊ ပါအော့ကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ကာမဲကျေးရွာ၊ တောင်ဘို့လှကျေးရွာ၊ မြို့မကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ မော်ဟိုင်းကျေးရွာ၊ နောက်ကန်ကျေးရွာနှင့် တောင်ကုန်းကျေးရွာတို့မှ ဒေသခံကျေးရွာပြည်သူများက လမ်းပန်းဆက်သွယ်ရေး ကဏ္ဍဆိုင်ရာများကို လည်းကောင်း၊ ဂွေးချိုကျေးရွာနှင့် ပင်းမူကျေးရွာတို့မှ ဒေသခံပြည်သူများက စိုက်ပျိုးရေရရှိရေး ကဏ္ဍဆိုင်ရာများကို လည်းကောင်း၊ ကံကုန်းကျေးရွာ၊ ကာမဲကျေးရွာနှင့် ခတက်ကျေးရွာများမှ ဒေသခံ ကျေးရွာပြည်သူများက သစ်တောနှင့် သစ်ထုတ်လုပ်ရေး ကဏ္ဍဆိုင်ရာများကိုလည်းကောင်း၊ မြို့မ ရပ်ကွက် ဦးတင်ဦးနှင့် ဦးချစ်ဦးတို့မှ မြို့ပေါ်နေဝန်ထမ်းများ ဒေသစရိတ်ခံစားခွင့်ပြုနိုင်ပါရန် သိရှိလိုသော မေးခွန်းနှင့် မူးမြစ်ကမ်းပါးထိန်းနံရံ ဆောက်လုပ်ပေးပါရန် သိရှိလိုသော မေးခွန်းများနှင့် အခြားသိရှိလိုသည့် မေးခွန်းများကို ဒေသခံပြည်သူများက မေးမြန်းတင်ပြခဲ့ကြသည်။

အဆိုပါမေးမြန်းတင်ပြချက်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ သက်ဆိုင်ရာ ဝန်ကြီးများ၊ တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍများအလိုက် ဖြည့်စွက်ဖြေကြားပေးခဲ့ကြပြီး တင်ပြချက် လုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်စစ်ဆေး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ် လုပ်ငန်းစဉ်များနှင့်လူမှု၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူများ အတူလက်တွဲ ပူးပေါင်းလုပ်ဆောင်သွားကြရန်နှင့် အစိုးရ၏ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လမ်းညွှန်အမှာစကားများ ပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်မှ ပင်လည်ဘူးမြို့ အားကစား လူငယ်များအတွက် အားကစားပစ္စည်းများ ပေးအပ်ကာ အားကစားလူငယ်တစ်ဦးက လက်ခံရယူပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

မျိုးလွင်(ပင်လည်ဘူး)