ရွှေဘို ၂၁ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ စားရင်းစစ်ချုပ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အလှူရှင်များနှင့်အတူ ယနေ့နံနက် ၉ နာရီက ရွှေဘိုမြို့ မြောင်းကြီးကျေးရွာအနီး ရွှေဘို-မြစ်ကြီးနားလမ်း၊ မိုင်တိုင်(၄/၆) အဝင်မုခ်ဦးဆိုင်းဘုတ်၌ ကျင်းပပြုလုပ်သော ရွှေဘိုမြို့ မေတ္တာရိပ် အမျိုးသမီးစောင့်ရှောက်ရေးဂေဟာနှင့် သက်မွေးပညာ သင်တန်းကျောင်းဖွင့်ပွဲ အခမ်းနားများသို့ တက်ရောက်သည်။
ရှေးဦးစွာ မေတ္တာရိပ် အမျိုးသမီးစောင့်ရှောက်ရေးဂေဟာနှင့် သက်မွေးပညာ သင်တန်းကျောင်းကို သင်တန်းကျောင်း ဥက္ကဋ္ဌ ဦးမောင်ကို၊ အတွင်းရေးမှူး ဒေါ်တင့်တင့်(ခ)ဒေါ်ချူးချူးနှင့် အလှူရှင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ အလှူရှင်များက သင်တန်းကျောင်းမုခ်ဦး ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
ထို့နောက် မေတ္တာရိပ် အမျိုးသမီးစောင့်ရှောက်ရေးဂေဟာနှင့် သက်မွေးပညာ သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို အဆိုပါကျောင်းဝန်းအတွင်းရှိ ယာယီမဏ္ဍပ်၌ ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့ဖွင့်လှစ်လိုက်သော ဂေဟာတွင် မြန်မာနိုင်ငံအရပ်ရပ်ရှိ လူးမျိုးဘာသာမရွေး မွေးကင်းစမှ အသက်(၁၈)နှစ်အထိ ရင်ခွင်မဲ့ မိန်းကလေးများကို လက်ခံရေးစည်းမျဉ်း (၁၂)ချက်အတိုင်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှ စတင်၍ သင်တန်းကျောင်းအုပ် ဦးမောင်ကို (ဥက္ကဋ္ဌ) ဖုန်း၊ ဝ၉-၇၉၂၄၉၃၄၀၆၊ ဝ၉-၂၅၉၁၂၈၃၅၁ ဖြင့် လက်ခံပေးလျက်ရှိကာ ပြုစုပျိုးထောင် လေ့ကျင့်ပေးခြင်း ရည်ရွယ်ချက်(၆)ချက်ဖြင့် အောင်မြင်အောင် အထူးအလေးထား ဆောင်ရွက်ကြရန်နှင့် သင်တန်းကျောင်းအနေဖြင့် ယနေ့မှစ၍ အမျိုးသမီးများ ဘဝလုံခြုံရေး စောင့်ရှောက်ပေး၍ အသက်မွေးလမ်း ဖြောင့်ဖြူးတန်းရန် ဝိုင်းဝန်းကူညီ ဖော်ဆောင်မည် ဟူသော ဆောင်ပုဒ်နှင့်အညီ အားလုံးအလေးထား ကြိုးစားကြပါ”လို့ တိုက်တွန်းအမှာစကား ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးလက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသည့် အလှူရှင်များက အဆိုပါကျောင်းအတွက် စုစုပေါင်းအလှူငွေကျပ် သိန်း ၄၇၉၅၀ဝ၀ဝ ကို ပေးအပ်လှူဒါန်းခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ သင်တန်းကျောင်းခန်းအတွင်းရှိ အပ်ချုပ်စက်၊ လက်ယက္ကန်း၊ အလှပြင်၊ ကွန်ပျူတာ၊ ကျောက်စိမ်းအချောထည်နှင့် ပန်းချီအရောင်းပြခန်း အသီးသီးတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
အဆိုပါ ရွှေဘိုမြို့ မေတ္တာရိပ် အမျိုးသမီးစောင့်ရှောက်ရေးဂေဟာနှင့် သက်မွေးပညာ သင်တန်းကျောင်းကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဦးဆောင်မတည်ငွေများဖြင့် ကုသိုလ်ရှင်များဖြစ်သော မန်းမြင့်မိုရရ်ဟိန်း၊ ဆုထူးပန်၊ ရွှေတောင်၊ ထာဝရ၊ အောင်မိုးဟိဏ်း စသည့် ကုမ္ပဏီများက မေတ္တာရိပ် အမျိုးသမီးစောင့်ရှောက်ရေးဂေဟာနှင့် သက်မွေးပညာ သင်တန်းကျောင်းမုခ်ဦး၊ ကျောင်းအုပ်ကြီး (သို့မဟုတ်) ဂေဟာမှူးနေအိမ်၊ ကျောင်းသူနှစ်ထပ်ဆောင်၊ ထမင်းစားဆောင်နှင့် မီးဖိုဆောင်၊ စာသင်ဆောင်(၁) (၂) (၃) တို့အပြင် ထာဝရ ဓမ္မာရုံနှင့် ထာဝရစာကြည့်တိုက်၊ အပန်းဖြေနားနေဆောင်များနှင့် ရုက္ခဗေဒဥယျာဉ်များကို တည်ဆောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)