တမူး ၂၅ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါ၍ ယနေ့ နံနက်(၈)နာရီခွဲက တမူးမြို့ပေါ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှု စစ်ဆေး ခဲ့ကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တမူးမြို့ပေါ် ဈေးတန်း(၈)ရပ်ကွက်ရှိ စက်ရောင်ဘီလူးခန်းမကို ကြည့်ရှု စစ်ဆေးပြီး အဆိုပါခန်းမအကြီးစားပြင်ဆင်မှုရရှိရေး တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။
ထို့နောက် စောဘွားအင်းရပ်ကွက်ရှိ တမူးမြို့ကားဝင်းတွင် တည်ဆောက်နေသည့် ယာဉ်အသင်းဂိတ် အဆောက်အဉီ ဆောက်လုပ်နေမှု၊ ယာဉ်ရပ်နားစခန်းတည်ဆောက်နေမှုတို့အား ကြည်ရှုစစ်ဆေးပြီး တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ် စံချိန်စံညွှန်းပြည့်မီရေးနှင့် အမြန်ပြီးစီးရေးတို့ကို အလေးထား ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် မြို့မရပ်ကွက်ရှိ နယ်စပ်ကုန်သွယ်ရေးကုန်သည်ကြီးများအသင်းရုံးတွင် ပြုလုပ်သည့် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဒေသထွက်ကုန်စည်ပြပွဲသို့ရောက်ရှိပြီး ပြပွဲတွင် အာဆီယံ (၁၀)နိုင်ငံမှ သံအမတ်ကြီး များကို ခင်းကျင်းပြသထားသော အိမ်တွင်းမှုအသုံးအဆောင်ပစ္စည်းမျိုးစုံ၊ အထည်အလိပ်များ၊ အထင်ကရ တန်ခိုးကြီး ဘုရားများ၊ တည်းခိုခန်းများ၊ သွားလာလည်ပတ် လေ့လာစရာ နေရာမျိုးစုံပါရှိသော မှတ်တမ်းဓါတ်ပုံပြခန်းများ၊ တန်ဖိုးမြှင့် သနပ်ခါးထုတ်ကုန်းများ၊ ပရိဘောဂပစ္စည်းများ၊ အမှတ်တရပစ္စည်းများ၊ ဂီတာများ၊ ကျောက်ပန်းချီနှင့် ကျောက်မျက် ရတနာများ စသည့် ဒေသထွက်ကုန်ပစ္စည်းမျိုးစုံ အရောင်ပြခန်းတို့အား ကြည့်ရှုအားပေးပြီး ဒေသထွက်ကုန် ပစ္စည်းများကို နိုင်ငံတကာ သို့ အဆင့်မြှင့်တင် ပို့ဆောင်နိုင်ရေး ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တမူးမြို့(၁၀ဝ)ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံဝန်းအတွင်း ဆောက်လုပ် လျက်ရှိသော အရာထမ်းဝန်ထမ်း အိမ်ရာ(၄)ခန်းတွဲ (၄)ထပ် ဆောက်လုပ်ပြီးစီးမှု အခြေအနေ တို့အား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ် စံချိန်စံညွှန်းပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့သည် နိုဝင်ဘာ ၂၄ ရက် နံနက်(၉) နာရီကလည်း မုံရွာမြို့မှ တမူးမြို့သို့ မော်တော်ယာဉ်များဖြင့်ထွက်ခွာလာပြီး မုံရွာ-ယာကြီး-ကလေးဝ လမ်း အဆင့်မြှင့်တင်ဖောက်လုပ်နေမှုတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ကလေးဝမြို့နယ် ကျော်ဇင်ကျေးရွာ ရွာလယ်လမ်းမကြီး ချဲ့ထွင် ဖောက်လုပ်မှုအား ကြည့်ရှုအားပေးကာ ထောက်ပံ့ငွေကျပ်(၅)သိန်းကို တာဝန်ရှိသူထံသို့ပေးအပ်ခဲ့ပြီး ကလေးမြို့နယ် ကျီကုန်းကျေးရွာ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်းသိရသည်။
ထွန်းကိုကို(ယင်းမာပင်)


