မုံရွာ ၂၂ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယနေ့ နံနက် ၉ နာရီက ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ဆင်နင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သော ဆင်နင်းဗိုလ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ရှေးဉီးစွာ ဆင်နင်းဗိုလ်ကျောင်းဆောင်သစ်အား တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ အလှူရှင် မုံရွာမြို့ နန္ဒဝန်ရပ် သဒ္ဓမ္မဇောတကသုဗောဓာရုံ ကျောင်းတိုက် နာယက ဒွါဒသမ တိပိဋိကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တ အဘိဇာတာဘိဝံသ မိသားစုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်၍ ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကာ ကျောင်းဆောင်သစ်နှင့် ဇောတကစာကြည့်ခန်းတို့အား လှည့်လည်ကြည့်ရှုခဲ့သည်။
ထို့နောက် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင် အလှူရှင် ဆရာတော်မှ ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ ဩဝါဒစကားများမွတ်ကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့်လည်း မူဝါဒ(၃)ရပ် ချမှတ်ပြီး ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့အတွက် လူမှုစီးပွား ဖွံ့ဖြိုးလာစေပြီး လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်လာစေဖို့ ပညာရေးကဏ္ဍနှင့် ပတ်သက်လို့ နိုင်ငံတော်ရဲ့ မူဝါဒနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း။
ပညာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်းများမှာ ကျောင်းဆောင်များ ဆောက်လုပ်ပေးနိုင်မှုကို ကြည့်ရင် စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်တွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာ အခြေခံပညာကျောင်း (၁၂)ကျောင်းအတွက် ခွဲဝေခွင့်ပြုငွေ (၃၇၄ ဒသမ ၄၀)သန်း၊ ပြင်ဆင်ထိန်းသိမ်းစရိတ်မှာလည်း ကျောင်းပေါင်း (၅၂)ကျောင်းအတွက် ကျပ်(၁၉၇ ဒသမ ၂၂၇)သန်း ရရှိခဲ့ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာဆိုရင် အခြေခံပညာကျောင်း (၁၉)ကျောင်းအတွက် ခွဲဝေခွင့်ပြုငွေ ကျပ်(၉၁၀ ဒသမ ၂၀၀)သန်း၊ ပြင်ဆင်ထိန်းသိမ်းစရိတ်မှာလည်း ကျောင်းပေါင်း (၂၈)ကျောင်းအတွက် ကျပ် (၄၂ ဒသမ ၀၂၈)သန်း ရရှိခဲ့ပါကြောင်း၊ ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ အခြေခံပညာမူလတန်းကျောင်း (၁၀)ကျောင်းအတွက် ငွေလုံးငွေရင်း(တည်ဆောက်ရေး) ခွဲဝေခွင့်ပြုငွေကျပ် (၇၁၅ ဒသမ ၉၅၀)သန်း၊ ပြင်ဆင်ထိန်းသိမ်းစရိတ်မှာလည်း ကျောင်းပေါင်း (၈၉)ကျောင်းအတွက် ကျပ်(၃၈၄ ဒသမ ၂၈၈)သန်း ရရှိခဲ့ပါကြောင်း။
ဝက်လက်မြို့နယ် ဆင်နင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းကို ယခုလို တိုးတက်လာရခြင်းမှာ အလှူရှင် မုံရွာမြို့ နန္ဒဝန်ရပ် သဒ္ဓမ္မဇောတကသုဗောဓာရုံ ကျောင်းတိုက် နာယက ဒွါဒသမ တိပိဋိကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တ အဘိဇာတာဘိဝံသ မိသားစုတို့၏ ကူညီမှုနှင့် မိဘပြည်သူများ၏ ပူးပေါင်းပါဝင်မှုတို့ကြောင့် ယခုလို တိုးတက်လာတာဖြစ်ပြီး အဆိုပါ မိသားစုတို့၏ ပညာရေးဌာနအပေါ် ကူညီပံ့ပိုးမှုများမှာ (၅၄ × ၃၆ × ၂၅)ရှိ ဇောတကစာကြည့်ခန်းပါဝင်သော အာစီ (၂)ထပ် အဆောင်အဦ (၁)ဆောင်နှင့် ဒေသခံမိဘပြည်သူ အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေ စုစုပေါင်း တန်ဖိုးကျပ်သိန်းပေါင်း (၇၀၀)ကျော်ရှိတဲ့ ဆင်နင်းဗိုလ်ကျောင်းဆောင်သစ်ကို ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပနေပြီဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေနဲ့လည်း ပညာရေးဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အခြေခံအုတ်မြတ်ဖြစ်တယ်လို့ သိရှိယုံကြည်တဲ့အတွက် ပညာရေးအသုံးစရိတ်တွေကို တစ်နှစ်ထက်တစ်နှစ်တိုးတိုးပြီး သုံးစွဲနေခဲ့ပြီ ဖြစ်ကြောင်း။
ယနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်တဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး တည်ဆောက်ရာမှာ လူတိုင်းပညာရည်မြင့်ဖို့ လိုအပ်ပါကြောင်းနှင့် ဆရာ/ဆရာမများအနေဖြင့် ကျောင်းသား/ကျောင်းသူများကို တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ရုံသာမက ရှေ့အနာဂတ် ဘဝခရီးအတွက်လည်း ကိုယ်တိုင်စဉ်းစားတွေးခေါ် ဆုံးဖြတ်တည်နိုင်သူများ ဖြစ်စေရန် အာဆီယံအသိုက်အဝန်း၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်သည့် ကျောင်းသားကျောင်းသူများ ဖြစ်လာစေရန် လမ်းညွှန်လေ့ကျင့် သင်ကြားပေးစေလိုပါကြောင်း။
မိမိတို့နိုင်ငံဟာ ပညာရေးကို တန်ဖိုးထားတဲ့ နိုင်ငံကြီးဖြစ်တာနဲ့အညီ ကျောင်းတွင်းပညာရေး၊ ကျောင်းပြင်ပ ပညာရေးများတွင် ထူးချွန်ထက်မြတ်သူများ ပေါ်ထွက်လာအောင် တာဝန်ရှိသူများ၊ ကျောင်းသားမိဘများ၊ ရပ်မိရပ်ဖများ၊ ဆရာ/ဆရာမများက အမျိုးသားရေးအမြင်ဖြင့် ဆောင်ရွက်ပေးသွားကြပါ၊ နောင်တစ်ချိန်မှာ ဒီအရပ်ဒီဒေသရှိ အနာဂတ်ကြယ်ပွင့်လေးများဖြစ်ကြတဲ့ ကလေးများကို တိုင်းပြည်အပေါ် ချစ်မြတ်နိုးတတ်တဲ့ ဒီမိုကရေစီလမ်းစဉ်နှင့်အညီ နေထိုင်ပြုမူတတ်တဲ့ တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုတွေနဲ့ နိုင်ငံအင်အားတွေ ဖြစ်လာစေရန်၊ အမျိုးသားပညာရည် မြင့်မားရန်အတွက် မိဘပြည်သူအားလုံးကလည်း မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ပူးပေါင်းပါဝင်၍ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်နိုင်အောင် ကြိုးစားပေးကြပါလို့” တိုက်တွန်းပြောကြားသည်။
ထို့နောက် အလှူရှင်မိသားစုက ကျောင်းဆောင်သစ်ဆောက်လုပ်ရေးနှင့် ပတ်သက်သော မှတ်တမ်းများကို ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူက လက်ခံရယူခဲ့ပြီး အလှူရှင်များကိုယ်စား ဆင်နင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ထံသို့ ကျောင်းဆောင်သစ်ဖွင့်ပွဲ အထိမ်းအမှတ်အလံများကို အသီးသီးပေးခဲ့ကြသည်။
ယင်းနောက် ကျပန်းစကားပြောပြိင်ပွဲနှင့် အပြေးပြိုင်ပွဲတို့တွင် ထူးချွန်ဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆင်နင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ကျောင်းသမိုင်းကို လည်းကောင်း ရှင်းလင်းပြောကြားကာ ကျောင်းအုပ်ဆရာမကြီးက ကျေးရွာသူ/ကျေးရွာသားများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)


