မုံရွာ ၁၄ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အတူ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ အတွင်းရေးမှူး ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၁၀)နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဝက်လက်မြို့နယ်နှင့် ကနီမြို့နယ်တို့မှ ရှေးဟောင်းပစ္စည်းများ အပ်နှံခြင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ရွှေဘိုခရိုင် ဝက်လက်မြို့နယ်ရှိ ကမ္ဘာ့အမွေအနှစ် ဒေသတစ်ခုဖြစ်သော ဟန်လင်းမြို့ဟောင်း တောင်ဘက်မြို့ရိုး အပြင်ဘက် တူးဖော်မှု ကုန်းအမှတ် (၃)၊ အနောက်တောင်ဘက် ပေ(၁၃၀)ခန့်အကွာ ဒေါ်တင်မအပိုင် ယာမြေအား ဒေသခံ လုပ်သားများမှ ယာမြေရှင်းလင်းရာမှ တွေ့ရှိခဲ့သည့် ရှေးဟောင်း ဝတ္ထုပစ္စည်းများဖြစ်သော ပျူခေတ် ရွှေစေတီ ထီးတော်(၁)ဆူ၊ ရွှေခေါင်းလောင်း(၁)ခု၊ ငွေပစ္စယာ(၁)ခု၊ ငွေပစ္စယာ အောက်ခံပြား(၁)ခု၊ ငွေနန်းကြိုး အပိုင်းအစ(၃)ခု၊ ငွေအပိုင်းအစ(၂)ခုတို့ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ အပ်နှံခြင်းအတွက် ချီးမြင့်ငွေ (ကျပ် တစ်ရာတစ်ဆယ့်ကိုးသိန်း နှစ်ထောင့်ကိုးရာ ခုနှစ်ဆယ်တိတိ)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို လည်းကောင်း၊ ယင်းမာပင်ခရိုင် ကနီမြို့နယ် ခုံကြီးကျေးရွာအုပ်စု ပါဟဲ(မြောက်)ရွာနေ ဒေသခံပြည်သူ (၆)ဦးက သံခေတ် သံလက်နက်(၂၁)ခု၊ ကျောက်ပုတီးစေ့(စိမ်းပြာ)(၂)စေ့၊ ကျောက်ပုတီးစေ့ (အနက်ကြား)(၁)စေ့ တို့ကိုလည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ အပ်နှံခြင်းအတွက် ချီးမြင့်ငွေကျပ် (၉၉၇၄၇၉/-(ကျပ် ကိုးသိန်းကိုးသောင်း ခုနှစ်ထောင့် လေးရာခုနှစ်ဆယ့်ကိုးတိတိ)နှင့် ဂုဏ်ပြု မှတ်တမ်းလွှာတို့ကို တာဝန်ရှိသူများထံသို့ပေးအပ်ခဲ့ပြီး ယခုကဲ့သို့ မိမိဒေသ၏ ယဉ်ကျေးမှု အမွေအနှစ်များကို တန်ဖိုးထား၍ ကာကွယ်ထိန်းသိမ်းကာ တာဝန်သိစိတ်ဖြင့် ဒေသခံများက နိုင်ငံတော်သို့ အပ်နှံခဲ့သဖြင့် နိုင်ငံ၏ သမိုင်းဆိုင်ရာ၊ ယည်ကျေးမှုဆိုင်ရာ ကွင်းဆက်များ တန်ဖိုးကြီးမားသည့်အပြင် ဒေသခံများ၏ အသိပညာမြင့်မားစွာဖြင့် မိမိဒေသ၏ ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းမြတ်နိုး တန်ဖိုးထားသည့် ပြယုဂ်တစ်ဖြစ်ပါကြောင်း၊ ဒေသခံများနှင့် ဆုကြေးငွေ ချီးမြှင့်ပေးပါသော သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင် ပါကြောင်း ပြောကြားခဲ့သည်။
ထွန်းကိုကို(တိုင်းဒေသကြီး-ပြန်/ဆက်)


