မုံရွာ နိုဝင်ဘာ ၂၀

(၃၃)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်း က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တက်ရောက်၍ မြန်မာနိုင်ငံတွင် ကလေးသူငယ်များကို ရတနာသဖွယ် သတ်မှတ်ပြီး ချစ်ခင်မြတ်နိုး ကာကွယ်စောင့်ရှောက်လျက်ရှိသည့် အစဉ်အလာနှင့်အညီ ကလေးများ၏ အကောင်းဆုံးအကျိုးစီးပွားနှင့် ကလေးများအတွက် အကောင်းဆုံးပတ်ဝန်းကျင်ရရှိရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးသည် ကလေးသူငယ်များကို အကြမ်းဖက်ခြင်း၊ အလွဲသုံးခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်း တို့ကနေ ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း။

ကလေးသူငယ်များသည် မိမိတို့နိုင်ငံ အနာဂတ်၏ လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်သည်နှင့်အညီ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးသည် အရေးကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားသည်။

အခမ်းအနားတွင် မုံရွာမူလတန်းကြိုကျောင်းမှ ကလေးငယ်များက ပန်းကောက်တေးသီချင်းဖြင့် ကပြဖျော်ဖြေပြီး ပုံပြင်၊ ကဗျာ သီချင်းပြိုင်များတွင် ဆုရကလေးငယ်များက သီဆိုဖျော်ဖြေကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က  ပုံပြင်၊ ကဗျာပြိုင်ပွဲများတွင် ပထမဆုရရှိသော ကလေးငယ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ဒုတိယဆုရရှိသော ကလေးငယ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးများက တတိယဆုရရှိသော ကလေးငယ်များကိုလည်းကောင်း ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်လာကြသော ကလေးငယ်များကို လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်