မုံရွာ နိုဝင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၁)ကို နိုဝင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ အတွင်းရေမှူးများနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ပိုမိုဖော်ဆောင်သွားနိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲများကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပြစ်မှုကျူးလွန်ခြင်းကြောင့် နစ်နာသူကလေးငယ်များအတွက် လိုအပ်သော ဥပဒေဆိုင်ရာ အထောက်အကူရရှိရန်အတွက် ဌာနအချင်းချင်းချိတ်ဆက်၍ ဆက်လက် ဆောင်ရွက်ပေးသွားရမှာ ဖြစ်ပါကြောင်း၊ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများအား ဖယ်ရှားခြင်းနှင့် သက်မွေးဝမ်းကျောင်း ပညာသင်တန်းများ တက်ရောက်စေပြီး ဘ၀ရေရှည်ရပ်တည်နိုင်အောင် ဆောင်ရွက်ပေးခြင်း စတဲ့လုပ်ငန်းများကို ကော်မတီအားလုံးက ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကလေးသူငယ်များကို ဥပဒေအရ အကာအကွယ်ပြုထားတဲ့အတွက် ပြည်သူလူထုအနေနဲ့လည်း ကလေးသူငယ် ဥပဒေပါပြဌာန်းချက်များ တားမြစ်ချက်များကို သိရှိရန် ဆွေးနွေးပညာပေးမှုများ ပြုလုပ်ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကလေးအလုပ်သမားပပျောက်ရေး ကော်မတီအသီးသီးမှ အတွင်းရေးမှူးများက မိမိတို့ကော်မတီများအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား အသီးသီးဆွေးနွေးတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ အဖွဲ့ဝင်များက ကလေးအလုပ်သမား ပပျောက်ရေးအတွက် ကလေးသူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်သင်ကြားမည့် လုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ၊ ဥပဒေဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေ အကြံပြုဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသီးသီးဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


