စစ်ကိုင်း ဒီဇင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မုံရွာစက်မှုဇုန် လုပ်ငန်းကော်မတီများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်ခန်းမတွင် ကျင်းပရာ တွေ့ဆုံပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာစက်မှုဇုန် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် မုံရွာစက်မှုဇုန်၊ မုံရွာစက်မှုဇုန်ခွဲ(ရွှေဘို)၊ မုံရွာစက်မှုဇုန်ခွဲ(စစ်ကိုင်း)၊ ကလေးစက်မှုဇုန်ဆိုပြီး စက်မှုဇုန်(၄)ခု တည်ထောင်ဖွင့်လှစ်ပြီး စပ်ရုံအလုပ်ရုံ စုစုပေါင်း(၈၂၁)ရုံဖြင့် လည်ပတ်လုပ်ကိုင်လျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင်ရှိသည့် မှတ်ပုံတင်ပုဂ္ဂလိက စက်မှုလုပ်ငန်းများသည် များသောအားဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား (MSME) လုပ်ငန်းများဖြစ်ခြင်းကြောင့် အဆိုပါ(MSME)များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊ နည်းပညာများရရှိရေး၊ ရင်းနှီးမြုပ်နှံမှုများရရှိရေးနှင့် ချေးငွေဆိုင်ရာမူဝါဒများ ပြောင်းလဲသတ်မှတ်ရေးများကို အစိုးရအဆက်ဆက် ဆောင်ရွက်ခဲ့သလို မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူစဉ်ကာလမှာလည်း လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များအား ကိုဗစ်-၁၉ ချေးငွေရရှိနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးမှ တာဝန်ရှိသူများ၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း ဝန်ဆောင်မှုများပေးခဲ့ရာ လုပ်ငန်းစုစုပေါင်း (၆၉၄)ခုမှ ကိုဗစ်-၁၉ ချေးငွေထုတ်ယူခွင့် ကျပ် (၁၂၅၈၀ ဒသမ ၅) သန်း ရရှိခဲ့ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တက်နိုင်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်ပေးသွာမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မုံရွာစက်မှုဇုန် ဥက္ကဋ္ဌနှင့် စက်မှုဇုန်လုပ်ငန်းစု ကော်မတီများမှ တာဝန်ရှိသူများက မိမိတို့စက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် အခက်အခဲများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ စက်မှုလုပ်ငန်းများတွင် မိမိတို့ဌာနလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များရှိပါက ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း အသီးသီး ပြောကြားကြပြီး တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းနှင့် တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းတို့က စက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များ အကြံပြုဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသော စက်မှုဇုန်ဥက္ကဋ္ဌနှင့် ကော်မတီဝင်များအား စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)