မုံရွာ မတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မုံရွာမြို့နယ်အတွင်းရှိ အလုံမြို့၊ အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ် အေးချမ်းစွာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထိုသို့ကြည့်ရှုအားပေးစဉ် သက်ဆိုင်ရာ တာဝန်ရှိသူများက စာစစ်ဌာနများအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ ဖြေဆိုမှုများအား စည်းကမ်းတကျရှိစေရေး၊ သွားလာမှုအဆင်ပြေစေရေး၊ ကျန်းမာရေး၊ လုံခြုံရေး ဆောင်ရွက်ပေးမှုဆိုင်ရာများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးနှင့် လိုအပ်သည်များကို မှာကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၌ ယနေ့စာစစ်ဌာန စုစုပေါင်း (၅၀)ခုတွင် ဖြေဆိုရန် စုစုပေါင်း ၆၅၄၄ ဦး စာရင်းပေးသွင်းထားပြီး ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၆၄၉ ဦး ဝင်ရောက်ဖြေဆိုကြရာ ဖြေဆိုမှုရာခိုင်နှုန်းအားဖြင့် ၈၆ ဒသမ ၃၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အလုံမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်မှုအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)