မုံရွာ မေ ၁၀

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်စာစောင်များလှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး ‌ဒေါ်မြင့်မြင့်အောင်တို့နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မုံရွာမြို့နယ် စာရေးဆရာအသင်းနှင့် စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ ဖိတ်ကြားထားသူများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက စာအုပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များသို့ စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းခဲ့ကြရာ သက်ဆိုင်ရာ ကျေးရွာစာကြည့်တိုက်မှူးများက လက်ခံရယူခဲ့ကြပြီးနောက် ကျေးရွာစာကြည့်တိုက် ကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)