ကောလင်း ဖေဖော်ဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းတွင် ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို သစ္စာရှိပြီး စည်းလုံးစွာဖြင့် ကျေပွန်အောင် ထမ်းဆောင်နေကြသည့်အတွက် အသိအမှတ်ပြု ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ လူမှုမီဒီယာများတွင် ဝန်ထမ်းများနှင့် ပြည်သူများအား အကြောက်တရား ဖြစ်ပေါ်လာအောင် ခြိမ်းခြောက်ကာ မဟုတ်မမှန် ပြောဆိုနေမှုများနှင့် လုပ်ဆောင်နေမှုများကို ယုံကြည်လိုက်နာစရာ မလိုပါကြောင်း၊ လုံခြုံရေးအသိသတိတို့ဖြင့် နေထိုင်သွားလာကြရန်နှင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် ဆောင်ရွက်နေမှု အခြေအနေများအား ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးများမှ ပင်လည်ဘူးမြို့နယ်အတွင်းရှိ မြို့နယ်/ကျေးရွာများတွင် ဆောင်ရွက်ပေးလျက်ရှိသော ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းပြောကြားပြီး ပင်လည်ဘူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပင်လည်ဘူးမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများ၊ စားသောက်ဖွယ်ရာများကို ပေးအပ်ကြပြီး ဝန်ကြီးချုပ်က နိဂုံးချုပ်စကား ပြောကြားကာ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ကောလင်းခရိုင်၊ ကောလင်းမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ကောလင်းခရိုင်/ မြို့နယ်အတွင်းရှိ မြို့နယ်/ကျေးရွာများတွင် ဆောင်ရွက်ပေးလျက်ရှိသော ဒေသဖွံ့ဖြိုးရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကောလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကောလင်းခရိုင်အတွင်းရှိ မြို့နယ်များ၏ ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများ၊ ပန်းခင်းစီမံချက်အရ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် မြို့နယ်တာဝန်ရှိသူများထံ စားသောက်ဖွယ်ရာများ ပေးအပ်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားကာ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် ဝန်းသိုမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများ၊ စားသောက်ဖွယ်ရာများကို ပေးအပ်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်စကား ပြောကြားကာ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


