မုံရွာ ဩဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ဖြိုးသန့်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် ဩဂုတ် ၁၇ ရက် နံနက်ပိုင်းတွင် မုံရွာမြို့၊ ကန်သာယာအနောက်ဘက်ကန် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ကန်သာယာအနောက်ဘက် ကန် (၄၃ ဒသမ ၅)ဧကအတွင်း သန့်ရှင်းသာယာလှပရေး ဗေဒါများ ဆယ်ယူနေမှုလုပ်ငန်းများနှင့် ကန်သာယာ အနောက်ဘက်ကန် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သော ပျမ်းမျှအနက် (၄)ပေ တူးခြင်းနှင့် တာဘောင်မြေဖို့ခြင်း၊ မြေညှိခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဗေဒါဆယ်တင်ခြင်းလုပ်ငန်းအား သက်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရေး၊ ဗေဒါဆယ်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြသော ဝန်ထမ်းများ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ကြရန်၊ ကန်သာယာအနောက်ဘက်ကို အမြဲသန့်ရှင်းသာယာလှပအောင် ဆောင်ရွက်ပြီး ရေရှည်ထိန်းသိမ်းထားရှိရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ကန်သာယာအနောက်ဘက်ကန်အတွင်း တာဝန်ရှိသူများနှင့်အတူ ဗေဒါများဆယ်ယူနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်၊ Ultra Co,Ltd မှ တာဝန်ယူ တည်ဆောက်သည့် ကားကြီးကွင်းတည်ဆောက်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ကားကြီးကွင်းတည်ဆောက်ပြီးစီးမှု လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ တည်ဆောက်ပြီးစီးသော အဝေးပြေးကားကြီးဂိတ်များနှင့် ဈေးဆိုင်ခန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်ရှိ မြေ(၈)ဧကအကျယ်တွင် အဝေးပြေးကားကြီးကွင်း တည်ဆောက်ရေးလုပ်ငန်းအား Ultra Co,Ltd မှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ စတင်တည်ဆောက်ပြီး အဝေးပြေးကားကြီးဂိတ် (ပေ ၃၀ x ၄၇ ပေ) အခန်း (၃၀)၊ ဈေးဆိုင်ခန်း (၃၂ ပေ x ၁၇ ပေ) (၁၀)ခန်း၊ (၂၄ ပေ x ၁၇ ပေ) (၆)ခန်းနှင့် အဆင့်မြင့်ကားဝပ်ရှော့ (၁၈၆ ပေ x ပေ ၁၅၀) ၁ ခန်း၊ ကားများရပ်နားရန်နေရာ (၁၆၇၂၈)ပေ ကွန်ကရစ်လမ်း၊ ကားအဝင်အထွက် လမ်းဧရိယာ (၂၂၈၄၄၂)ပေ ကွန်ကရစ်လမ်း၊ အဆင့်မြင့်သန့်စင်ခန်း (၈ ပေ x ၁၀ ပေ) အခန်း (၂၀) တို့ တည်ဆောက်ပြီးစီးကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


