မုံရွာ အောက်တိုဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်း/ဒေသနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ အောက်တိုဘာ ၂၉ ရက်က နာဂဒေသ၏ သဘာဝပတ်ဝန်းကျင် သာယာလှပမှုနှင့် တောတောင်စိမ့်စမ်းများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေး၊ ရာသီဥတု မှန်ကန်စေရေးတို့အတွက် အဟန့်အတားဖြစ်စေသည့် တောင်ယာခုတ်ကာ စိုက်ပျိုးသည့် အလေ့အထ ပပျောက်ကာ ချောင်းရေအားအသုံးပြု၍ တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်မည့် လယ်ယာစနစ်အား ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် တိုက်ရန်ချောင်းဝဲယာတွင် ကုန်းမြင့်လယ်ယာ ၁၄၃ (တစ်ရာလေးဆယ်သုံး) ဧက ဖော်ထုတ်နိုင်မည့် မြေနေရာများအား လိုက်လံကြည့်ရှုခဲ့သည်။
တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးက လယ်ယာမြေဖော်ထုတ်ပေးမည့် အခြေအနေနှင့် ဒေသခံပြည်သူများအား ဝမ်းစာစပါးနှင့် အခြားသီးနှံများဖူလုံအောင် ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ လာမည့်မိုးရာသီတွင် စတင်စိုက်ပျိုးနိုင်ရေးအတွက် ကုန်းမြင့်လယ်ယာမြေဖော်ထုတ်မှု လုပ်ငန်းများ အားအမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကျန် - တိုက်ရန် - အံ့ပေါ်ကျေးရွာသွား ကားလမ်းပေါ်ရှိ ကျဝီချောင်းကူးတံတား အရှည် ၆၀ ပေ၊ အကျယ် ၂၀ သံကူကွန်ကရစ်တံတား တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးကောင်းမွန်စွာဖြင့် အချိန်မီတည်ဆောက်ပြီးစီးရေးအတွက် တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကျန်ကျေးရွာသို့ ရောက်ရှိရာ မကျန်နှင့် စံတုန်ကျေးရွာများမှ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံပွဲပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဒေသခံတိုင်းရင်းသားများက မိမိတို့ကျေးရွာများအလိုက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို အသီးသီးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မကျန်နှင့် စံတုန်ကျေးရွာများမှ ဒေသခံတိုင်းရင်းသားများအား ဆန်၊ အာလူး၊ ကြက်သွန်နှင့် ဆားများနှင့် အခြေခံပညာကျောင်းများအတွက် ငွေကျပ် ၅ သိန်းစီကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)