မုံရွာ နိုဝင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများ၊ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် နာဂဒေသအတွင်းရှိ ဒေသခံပြည်သူများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမူရေး၊ MSMEs လုပ်ငန်းများနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်ပေးနေမှုနှင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများအတွက် အလေးအနက်ထားကာ ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက မြို့၏ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူများ စားရေရိက္ခာဖူလုံရေး ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများက မြို့ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလိုမှု အခြေအနေများနှင့် ပတ်သက်၍ ဖြည့်ဆည်းပေးရန် လိုအပ်သည်များကို ဆွေးနွေးတင်ပြသည်။
ဆက်လက်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့တာဝန်ယူ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နန်းယွန်းမြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငွေကျပ် ၁၀ သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက နန်းယွန်းမြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ငွေကျပ် ၁၀ သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက နန်းယွန်းမြို့ရှိ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အား ငွေကျပ် ၁၀ သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ဒေသခံတောင်သူများအတွက် ကိုယ်စားလှယ်တစ်ဦးထံ ကော်ဖီ၊ လိမ္မော်ပျိုးပင်များနှင့် ရွက်ဖျန်းအားဆေးများအား ထောက်ပံ့ပေးအပ်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့မိမြို့ဖများနှင့် ဒေသခံတိုင်းရင်းသားများ၏ မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နန်းယွန်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်ထားသည့် လက်တွန်းထွန်စက်များနှင့် မျိုးစေ့ချကိရိယာများ ရောက်ရှိနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နန်းယွန်းမြို့၊ ပြည်သူ့ဆေးရုံသို့ရောက်ရှိရာ ဆေးရုံအုပ်ကြီးထံ ဆရာဝန်/သူနာပြများအတွက် ထောက်ပံ့ငွေများပေးအပ်ပြီး ဒေသခံတိုင်းရင်းသားများ ဆေးကုသနေမှုအခြေအနေများ လိုက်လံကြည့်ရှုအားပေး၍ တာဝန်ရှိသူများနှင့်အတူ အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မိုးတွင်းကာလအတွင်း မိုးရေကြီးမှုကြောင့် နန်းယွန်း-ရှင်ဘွေယန်ကားလမ်းမ တိုင်းယောင်းချောင်းပေါ်ရှိ အလျား ၃၀၀ ပေ၊ အနံ ၁၈ ပေ သံဘောင်ဘေလီတံတား ပျက်စီးမှုအခြေအနေများကို လည်းကောင်း၊ နန်းယွန်းမြို့၊ တိုင်းယောင်းချောင်းပေါ်ရှိ မြို့မရပ်ကွက်နှင့် ရောကော့ရပ်ကွက်ကြားရှိ အရှည်ပေ ၂၂၀ ပေ၊ အကျယ် ၆ ပေရှိ ကြိုးတံတားပျက်းစီးမှုများကို လည်းကောင်း၊ နန်းယွန်းမြို့နယ်၊ မြို့ဖွံ့ဖြိုးမှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်ခဲ့သည့် အရှည်ပေ ၁၆၀ ပေ၊ အကျယ် ၁၇ ပေရှိ သံဘောင်ဘေလီတံတား ပျက်စီးနေမှုများအား လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒေသခံတိုင်းရင်းသားပြည်သူများ သွားလာမှုအဆင်ပြေစေရေးတို့အတွက် တည်ဆောက်ရေးလုပ်ငန်းများအား အချီန်မီပြီးစီးရေးတို့အား တာဝန်ရှိသူများနှင့် ဖြည်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မိုးရေရွာသွန်းကြောင့် ပျက်စီးခဲ့သည့် လဟယ် - ရောင်ကွန် - ဒုံဟီး - နန်းယွန်းလမ်းပေါ်ရှိ အရှည်ပေ ၂၀ ပေ၊ အကျယ် ၁၂ ပေရှိ သစ်သားတံတားနှင့် အရှည်ပေ ၃၀ ပေ၊ အကျယ် ၁၄ ပေရှိ သံဘောင်ဘေလီပျက်စီးနေမှုများနှင့် တောင်ပြိုကျမှုကြောင့် ကားလမ်းအရှည်ပေ ၅၀၀ ခန့် ပျက်စီးနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး အချိန်မီ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် ဒုံဟီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှ နာဂဒေသ တိုင်းရင်းသားပြည်သူများအတွက် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တောင်ပေါ်ဒေသ ဖွံ့ဖြိုးတိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုံဟီးမြို့၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက မြို့၏ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူများအတွက် ဒေသဖွံ့ဖြိုးရေးနှင့် စားရေရိက္ခာဖူလုံရေး ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ နန်းယွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖြည့်စွက်ရှင်းလင်းပြီး ဒုံဟီးမြို့ရှိ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများက မြို့ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးစေလိုမှု အခြေအနေများနှင့် ပတ်သက်၍ ဖြည့်ဆည်းပေးရန် လိုအပ်သည်များကို ဆွေးနွေးတင်ပြကြသည်။
ဆက်လက်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒုံဟီးမြို့ စီမံအုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ငွေ ကျပ် သိန်း ၃၀ အားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငွေကျပ် ၁၀ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဒုံဟီးမြို့ရှိ ဌာနဆိုင်ရာဝန်များအတွက် ငွေကျပ် ၁၀ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက ဒုံဟီးမြို့၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အား ငွေကျပ် ၁၀ သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည့် မြို့မိမြို့ဖများနှင့် ဒေသခံတိုင်းရင်းသားများ၏ မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


