မေ ၂

 

စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေ ၂ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်ရေးဦးစီးဌာနရုံး သင်တန်းခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒီကနေ့ ကမ္ဘာပေါ်ရှိနိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ သဘာဝပတ်ဝန်းကျင်များလည်း အဘက်ဘက်မှ ယိုယွင်းပျက်စီးလာပြီး ကမ္ဘာပေါ်ရှိလူသားများ အန္တရာယ်အသွယ်သွယ်နှင့် ရင်ဆိုင်နေကြရပြီဖြစ်ကာ သဘာဝကြောင့်ဖြစ်သော အန္တရာယ်ထက် လူသားတို့ကြောင့် ဖြစ်တဲ့အန္တရာယ်ကပိုပြီး ဒုက္ခပေးလျက်ရှိတာကြောင့် သဘာဝပတ်ဝန်းကျင်ကို လူသားတို့အနေဖြင့် စနစ်တကျဂရုစိုက် ထိန်းသိမ်းရန် လိုအပ်လာပြီဖြစ်တဲ့အတွက် သဘာဝဂေဟစနစ်နှင့် မိရိုးဖလာ လူနေမှုဘဝများ ယှဉ်တွဲတည်ရှိနေစေရန်အတွက် လူမူရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံဟာ သဘာဝသယံဇာတများ ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်တာနှင့်အညီ နိုင်ငံတော်၏ စီးပွားရေးနှင့် ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ထိရောက်စွာ အထောက်အပံ့ပေးနိုင်သော ကောင်းမွန်သည့် ဂေဟစနစ်များနှင့် သဘာဝပတ်ဝန်းကျင်များ ရေရှည်တည်တံ့နိုင်ရန် အလွန်အရေးကြီးပါကြောင်း။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်ရေးနှင့် ပတ်သက်၍ မြေပေါ်မြေအောက် သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲမှုများကို လျှော့ချပြီး တိုင်းပြည်၏ အရန်သယံဇာတအဖြစ် ထိန်းသိမ်းနိုင်ရေး၊ ရာသီဥတုဖောက်ပြန်မှု ပြန်လည်မျှတရေး၊ နိုင်ငံပိုင်သစ်တောများ စိမ်းလန်းစိုပြည်ရေးတို့ကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု မရှိစေရန် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများ အနေဖြင့်လည်း ထမ်းဆောင်ရမည့်တာဝန်များ၊ စောင့်ထိန်းရမည့် စည်းမျဉ်းစည်းကမ်းများ၊ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ ရုံးလုပ်ငန်းနှင့် သက်ဆိုင်သည့် လုပ်ထုံးထုပ်နည်းများ အခြားဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ချက်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့် လုပ်ထုံးလုပ်နည်း ဥပဒေ၊ နည်းဥပဒေ အစရှိသည့်တို့ကို စိတ်ပါဝင်စားစွာ လေ့လာဆည်းပူးကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။

 

ယင်းနောက် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ပတ်ဝန်းကျင်ထိန်းသိမ်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးကာ သင်တန်းဖွင့်ပွဲအခမ်းနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ်(၁/၂၀၂၂) သင်တန်းအား မုံရွာတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် သက်ဆိုင်ရာ ဆက်စပ်ဌာနများမှ နည်းပြဆရာ၊ ဆရာများက သင်တန်းကာလ ၁ လအကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ခရိုင်/ မြို့နယ်များတွင် တာဝန်ထမ်းဆောင်ကြမည့် ဒုတိယဦးစီးမှူးနှင့် ဒုတိယလက်ထောက်ဦးစီးမှူး ၄၀ ဦး တက်ရောက်ကြောင်း သိရသည်။ 

 

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သော စိုက်ပျိုးစရိတ် ချေးငွေများ အဆင်ပြေစွာ ထုတ်ချေးရေးနှင့် ကြွေးကျန်များ ထိရောက်စွာ ကောက်ခံရရှိရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက စိုက်ပျိုးစရိတ်ချေးငွေများ အဆင်ပြေစွာ ထုတ်ချေးရေးနှင့် ကြွေးကျန်များ ကောက်ခံရရှိရေးဆိုင်ရာများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြကာ အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အသီးသီးအကြံပြုဆွေးနွေး တင်ပြကြသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စိုက်ပျိုးစရိတ်ချေးငွေများ အဆင်ပြေစွာထုတ်ချေးရေးနှင့် ကြွေးကျန်များ ကောက်ခံရရှိရေးဆိုင်ရာများနှင့် ပတ်သက်၍ အကြံပြုတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)