နေပြည်တော် အောက်တိုဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထင်ရှားသည့် ခရီးစဉ်ဒေသများသို့ ပြည်တွင်း/ပြည်ပခရီးသွားများ စိတ်အေးချမ်းသာစွာဖြင့် လာရောက်လည်ပတ်ကာ အလွှာအသီးသီးမှ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဝင်ငွေများရရှိစေရေးတို့အတွက် ရည်ရွယ်၍ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၉/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဦးစွာ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း လက်ရှိဖြစ်ပေါ်တိုးတက်နေမှုကို လိုအပ်ချက်များကိုသိရှိနိုင်ရန် ဖြည့်ဆည်းဆောင်ရွက်ပေးသင့်သည်များကို အစည်းအဝေးသို့ တက်ရောက်လာသူများက ပွင့်ပွင်းလင်းလင်း ဆွေးနွေးတင်ပြသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်းကော်မတီ (၉/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးတွင် ကလေးမြို့ရှိ မြစ်သာရွှေရည်ဟိုတယ် သက်တမ်းတိုးခြင်းနှင့် ပိုင်ရှင်အမည်ပြောင်းခွင့်ပြုရေး၊ မုံရွာမြို့ရှိ ရွှေတောင်တန်း(၃) ဟိုတယ်သက်တမ်းတိုး ဆောင်ရွက်ရေး၊ ၉/၂၀၂၂ လအတွင်း  ခရီးသွားဝင်ရောက်မှုအခြေအနေနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကားပြောကြားသည်။  

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၂၅ ရက် ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် မြန်မာ့ရိုးရာအားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက် ချီးမြှင့်သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက မြန်မာ့သိုင်း ဗန်တို၊ ဗန်ရှည်သရုပ်ပြသမှု၊ မြန်မာ့ရိုးရာခြင်းလုံးသရုပ်ပြမှုနှင့် စွန်လွှတ်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက် ပြိုင်ပွဲ၊ စကောရွက်အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဂုံနီအိတ်စွပ်အပြေးပြိုင်ပွဲ၊ ထုတ်စည်းတိုးပြိုင်ပွဲ၊ သံပုရာသီးဇွန်းကိုက် အပြေးပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရသူများကို ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်