မုံရွာ ဧပြီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဧပြီ ၁ ရက် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ နွေရာသီသင်တန်းများဖွင့်လှစ်ရေးနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းများ ဖွင့်လှစ်သင်ကြားရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုကာလသည် နွေရာသီကျောင်းပိတ်ရက် ကာလဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ အသိအလိမ္မာ တိုးပွားစေရေးအတွက် ယဉ်ကျေးလိမ္မာသင်တန်း၊ ပန်းချီ၊ ကာတွန်းပိုစတာ၊ ကွန်ပျူတာသင်တန်းများနှင့် ဘင်ခရာသင်တန်းများအား ဖွင့်လှစ်သင်ကြားသွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းများအား မုံရွာ၊ စစ်ကိုင်း၊ ရွှေဘိုနှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့များတွင် စတင်ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ပါကြောင်း။
မေ ၂၃ ရက်သည် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်သဖြင့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးသက်ဆိုင်ရာ ခရိုင်/မြို့နယ်များအလိုက် စနစ်တကျစီမံချက်များ ရေးဆွဲဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကျောင်းတက်ရာခိုင်နှုန်း မြင့်မားမှသာ နိုင်ငံတော်မှ ရည်မှန်းထားသည့် အလယ်တန်းပညာ ပြီးမြောက်ရေး KG+9 အား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တိုင်းဒေသကြီးအတွင်းရှိ ကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရေးအတွက် ခရိုင်/မြို့နယ် ပညာရေးမှူးများနှင့် ဆရာ/ဆရာမ များအားလုံးမှ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလိူင်နှင့် တိုင်းဒေသကြီး ပညာရေးမှူး ဦးတိုးဝင်းတို့က အခြေခံပညာကျောင်းများ နွေရာသီသင်တန်းများဖွင့်လှစ်ရေးနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းများဖွင့်လှစ်သင်ကြားရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် ပညာရေးမှူးများက မိမိတို့ မြို့နယ်ရှိ အခြေခံပညာကျောင်းများ၏ သင်ကြားရေးလုပ်ငန်းများ၊ ကျောင်းအဆောက်အဦများ ကြံ့ခိုင်မှုအခြေအနေများ၊ ဆရာ/ဆရာမ လိုအပ်ချက်များနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းများ ရာနှုန်းပြည့်ဖွင့်လှစ်နိုင်ရေး အစီအမံများနှင့် နွေရာသီသင်တန်းများ ဖွင့်လှစ်သင်ကြားသွားမည့် အခြေအနေများနှင့် ပတ်သက်၍ Video Conferencing စနစ်ဖြင့် အသီးသီး ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လုပန်းငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ အကြံပြုဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)