ကန့်ဘလူ ဧပြီ ၂
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် မတ် ၃၁ ရက် နံနက်ပိုင်းက ကန့်ဘလူခရိုင် ကန့်ဘလူမြို့သို့ ရောက်ရှိပြီး ခရိုင်/မြိူ့နယ် ဌာနဆိုင်များနှင့်တွေ့ဆုံပွဲကို ခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်က ဒေသဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ် ဦးမြတ်ကျော်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်မှ ကန့်ဘလူမြို့နယ် ကံရိုးကျေးရွာနှင့် တန့်ဆည်မြို့နယ် မူးဂွကျေးရွာ ဆက်သွယ်သည့် တံတားအတွက် လှူဒါန်းငွေကျပ်သိန်း ၅၀၀ နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများအား ထောက်ပံ့ငွေ ကျပ် ၁၀ သိန်းတို့အား ပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်က လက်ခံရယူ၍လည်းကောင်း၊ ဝန်ကြီးချုပ်မှ ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များအတွက် ကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်စိုးက လက်ခံရယူ၍ လည်းကောင်း၊ တရားသူကြီးချုပ် ဦးဇော်ထူးမှ မြို့နယ်အဆင့် ဌာနဆိုင်ရာများအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်က လက်ခံရယူ၍ လည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းပေးအပ်ရာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောင်းထိုက်က လည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာကြသော ခရိုင်/မြို့နယ် ဌာနဆိုင်ရာများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)