မုံရွာ ၅ ဇန်နဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့ နံနက် ၇ နာရီက မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ မုံရွာဂေါက်ကလပ်တွင်ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ ကိုယ်စားပြုအသင်းများနှင့် မြို့နယ်များကိုယ်စားပြု ဂေါက်သီးရိုက် အားကစားသမားများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

279

 

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားအသင်းများအား လိုက်လံနှုတ်ဆက်ကာ ပြိုင်ပွဲအား ဖဲကြိုးဖြတ်၍ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့က အဖွင့်ဂေါက်သီးများကို ရိုက်ကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

“ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို နှစ်စဉ်ကျင်းပတာပါ ဆုအနေနဲ့ကတော့ တံခွန်စိုက်ဆု၊ အသင်းလိုက်အကြောပေး၊ အကြောမဲ့၊ တစ်ဦးချင်းအကြောပေး၊ အဝေးဆုံးရိုက်ချက်(တစ်ဦးချင်း)၊ လိုင်းနဲ့ အနီးဆုံးဆု၊ ပင်နှင့်အနီးဆုံးရိုက်ချက်ဆုတွေပေးဖို့ စီစဉ်ထားပါတယ်၊ ပြိုင်ပွဲကိုတော့ (၂)ရက်ကြာ ကျင်းပ သွားမှာပါ”ဟု ပြိုင်ပွဲကျင်းပရေး ကော်မတီဦးသန်းစိုးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲသို့ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ ကိုယ်စားပြုအသင်းများ၊ မြို့နယ်ကိုယ်စားပြုအသင်းများ စုစုပေါင်း(၄၄)သင်းမှ ပြိုင်ပွဲဝင် အားကစားသမား (၂၆၂)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲအား ဇန်နဝါရီ ၅ ရက်မှ ၆ ရက်အထိ (၂)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)