မုံရွာ  ၁၆   ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်အစဉ်(၁/၂၀၂၀)ကို ယနေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်း၊ခရိုင်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

 

စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဥက္ကဌ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “ ကမ္ဘာပေါ်တွင် (၁)နာရီတိုင်းတွင် ယာဉ်အန္တရာယ်ကြောင့် လူ ၁၂၅ ဦးခန့် သေဆုံးကာ ၅၇၀ဝ ခန့် ဒဏ်ရာရလျက်ရှိကြောင်း၊ မြန်မာနိုင်ငံမှာလည်း နှစ်စဉ် ယာဉ်အန္တရာယ်ကြောင့် လူ ၄၀ဝ၀  ခန့်သေဆုံးကာ (၂၅၀ဝ၀)ကျော်ခန့် ဒဏ်ရာရရှိကာ ဒုက္ခိတဘဝကို ရောက်ရှိ နေရပါကြောင်း၊(၂၀၂၀ ပြည့်နှစ် ဧပြီ လ အထိ ယာဉ်တိုက်မှု (၄၇၄၉)မှု၊ သေဆုံးသူ(၁၆၈၄)ဦးနဲ့ ဒဏ်ရာရသူ(၆၉၁၄)ဦးဖြစ်လာတာတွေ့ရှိရပါကြောင်း။

 

mdn

 

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာလည်း ၂၀၂၀ ပြည့်နှစ် ဧပြီ လ အထိ ယာဉ်တိုက်မှု (၄၄၇)မှု၊ သေဆုံးသူ (၁၆၆)ဦးနဲ့ ဒဏ်ရာရသူ(၆၈၀)ဖြစ်လာတာတွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများကလည်း ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အတွက် အသိပညာပေးခြင်းများ၊ စည်းကမ်းပျက် ယာဉ်များ စစ်ဆေးအရေးယူခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတာကို တွေ့ရပါကြောင်း၊ ယာဉ်အန္တရာယ် လျော့နည်းကျဆင်းရေး အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့ တစ်ခုတည်း ဆောင်ရွက်နေပါက မအောင်မြင် နိုင်ပါကြောင်း၊ လမ်းမပေါ်တွေမှာ အများပြည်သူတွေ သွားလာနေကြတာဖြစ်တဲ့အတွက် တစ်ဦး တစ်ယောက်ထဲက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို သိရှိနားလည်နေရုံနဲ့ မပြီးဘဲ လမ်းအသုံးပြုသူ အားလုံး သိရှိနားလည်နေဖို့ လိုအပ်ပါကြောင်းနှင့် တာဝန်ရှိသူတွေရယ် ပြည်သူတွေရယ် အားလုံးပူးပေါင်း ဆောင်ရွက်ပါမှ အောင်မြင်မှာ ဖြစ်ပါကြောင်း၊ ထုတ်ပြန်ထားတဲ့ စည်းကမ်း၊ ဥပဒေ တွေသိရှိ လိုက်နာဖို့ အသိပညာပေးခြင်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးနဲ့ စစ်ဆေးအရေးယူမှုတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ရေးအတွက် တာဝန်ရှိအဖွဲ့အစည်းများက တာဝန်ကျေမဟုတ်ဘဲ အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားကြပါရန်နှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှလည်း လိုအပ်ချက်များကို အားလုံးဝိုင်ဝန်း အကြံပြု ဆွေးနွေးအကြံပေးကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

 

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၊ ပညာပေးရေးနှင့် စစ်ဆေးအရေးယူရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်၊ စီမံခန့်ခွဲရေးဆပ်ကော်မတီ ဥက္ကဋ္ဌ  လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်း၊ သုတေသနပြုရေးနှင့် ကျန်းမာရေးဆပ်ကော်မတီ ဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ ဘဏ္ဍာရေးဆပ်ကော်မတီ ဉက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး၊ ပညာပေးရေးနှင့် စစ်ဆေးအရေးယူရေး ဆပ်ကော်မတီ အတွင်းရေးမှူး စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ကိုယ်စား ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှိုင်တင့်၊ စီမံခန့်ခွဲရေးဆပ်ကော်မတီ အတွင်းရေးမှူး စစ်ကိုင်းတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးစန်းယု နှင် တွဲဘက်အတွင်းရေးမှူး အမှတ်(၁၇) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးကိုကိုနိုင် စသည့်သက်ဆိုင်ရာ ဆပ်ကော်မတီများ၏ ကဏ္ဍများအလိုက် လုပ်ငန်းများဆောင်ရွက်နေမှု တို့ကို အသေးစိတ်ကျယ်ကျပ်ပြန့်ပြန့် ပရိုဂျက်တာများဖြင့် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာကြသူများ၏ သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ဆွေးနွေးခဲ့ကြမှုများအပေါ် ခြုံငုံသုံးသပ်ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

 

ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ်(၁၇) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(စစ်ကိုင်း)က ၂၀၂၀ ပြည့်နှစ် မေလ(၂၆)ရက်နေ့တွင် အသစ်ပြဌာန်းထားသည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေစာအုပ်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ (၂၀၂၀) လက်ကမ်းစာစောင်များကို  တက်ရောက်လာကြသူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)