မြင်းမူ ၂၈ ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုငွေဖြင့် မြို့တွင်းတာဘောင်လမ်း တိုးချဲ့ဆောင်ရွက်ခြင်းကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရသည်။

 

ယခုတိုးချဲ့လျက်ရှိသောလမ်းမှာ ယခင်က မြို့ပတ်လမ်းအဖြစ်သာ အသုံးပြုခဲ့သော တာဘောင်လမ်း ဖြစ်သော်လည်း ယခုအခါ ဧရာဝတီမြစ်တာဘောင်လမ်းနှင့် ဆက်စပ်လျက်ရှိသောကြောင့် တာဘောင်လမ်းဘေးရှိ ကျေးရွာများနှင့် အဓိကဆက်သွယ်ထားသော လမ်းဖြစ်လာကြောင်း၊ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ အသုံးပြုများလာသော လမ်းတစ်လမ်းဖြစ်လာသည့်အတွက် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုငွေဖြင့် လမ်းချဲ့ခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လမ်းတာဝန်ခံအင်ဂျင်နီယာ ဦးအောင်အောင်ဦးထံမှ သိရှိရသည်။

 

ယခုတိုးချဲ့မြေဖို့လျက်ရှိသော ဗေဒါလမ်းမှာ လမ်းအရှည်ပေ (၇၀၀)ရှိပြီး ယခင်လမ်းအကျယ် (၁၂)ပေမှ ယခုအခါ လမ်းတစ်ဖက်လျှင် (၅)ပေ စုစုပေါင်းလမ်းအကျယ် (၂၂)ပေ ရှိလာမည်ဖြစ်ကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေ (၁၉ ဒသမ ၇)သန်းဖြင့်   ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

 

အောင်စိုးဖေ (မြင်းမူ ပြန်/ဆက်)