မုံရွာ ၁၆  ဇူလိုင် 


စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးပြီး စုပေါင်းဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့်ဆီ လှူဒါန်းပွဲကို ဇူလိုင် ၁၅ ရက် မွန်းလွဲ(၁)နာရီက မုံရွာမြို့၊ ရွှေစည်းခုံဘုရားဝင်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။


စုပေါင်းဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့်ဆီလှူဒါန်းပွဲတွင် မုံရွာမြို့ပေါ်ကျောင်းတိုက် (၂၃၇)တိုက်တွင် ဝါဆိုဝါကပ်ကြမည့် သံဃာတော် (၂၃၅၄)ပါး၊ ယင်းမာပင်မြို့နယ် ရွှေတောင်ဦးတိပိဋကဓမ္မပါလ မဟာဝိဟာရ ကျောင်းတိုက်မှ သံဃာတော် (၂၇)ပါး၊ ကလေး၊ တမူး၊ ခန်္တီးခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ သာသနာပြုရဟန်း(၈၆)ပါး စုစုပေါင်းသံဃာတော်(၂၄၆၇)ပါးတို့အတွက်သင်္ကန်း(၂၄၆၇)စုံအား ဆက်ကပ် လှူဒါန်းကြသည်။


ထို့အပြင်မုံရွာမြို့ပေါ်ရှိသီလရှင်ကျောင်း(၃၈)ကျောင်းမှသီလရှင်ဆရာကြီး(၁၀ဝ၁)ပါးနှင့် ကလေး၊ တမူး၊ ခန္တီးခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိသာသနာပြုသီလရှင်ဆရာကြီး(၆)ပါးတို့အတွက် သီလရှင် ဝတ်စုံ(၁၀ဝ၇)စုံ၊ ဆွမ်းဆန်တော်(၄၆၉)အိတ်၊ ဆီပိဿာချိန်(၃၆၅)ပိဿာ တို့အား ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် စုပေါင်းဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့်ဆီ လှူဒါန်းပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊  တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဝင်းဦး(ဇေယျာတိုင်း)