စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် မတ် ၃၀

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာအသိ ပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို Online စနစ်ဖြင့် ယနေ့နံနက် ၉ နာရီခွဲတွင် ကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ကျင်းပခြင်းဖြင့် အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးနှင့်သက်ဆိုင်သည့် အသိအမြင်များ တိုးပွားလာမည် ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားခြင်းဖြင့် ပြည်သူ့ဘဏ္ဍာ များကို နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွား ဖြစ်ထွန်းစေမည့်နေရာများတွင် မှန်မှန် ကန်ကန်သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ဝန် ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ ပွင့်လင်းမြင်သာ စွာဖြင့် မျှတစွာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ် အသီးသီးမှ ဖွံ့ဖြိုးတိုးတက်မှုများကို အကောင်အထည် ဖော်ရာတွင် အဟန့်အတား တစ်ခု ဖြစ်သည့်အတွက် အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ရန်လိုအပ်ကြောင်း၊ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တစ်ခုကို အဂတိကင်းရှင်း သည့် နိုင်ငံ့ဝန်ထမ်းများဖြင့်သာ အကောင်အထည်ဖော် တည်ဆောက်နိုင်မည်ဖြစ် ကြောင်းပြောကြားသည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ ဌေးအောင်က အဂတိလိုက်စားမှုသည် ယုံကြည်အပ်နှံထားသည့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုခြင်းသည် အစိုးရဌာနများတွင်သာမက ပုဂ္ဂလိကလုပ်ငန်းများနှင့်ပါသက်ဆိုင်ပြီး လာဘ်ငွေ အနည်းငယ် ပေးခြင်း/ ယူခြင်းမှသည် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်း၊ ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံး စေခြင်းအထိ ပါဝင်ပါကြောင်း၊ အဂတိလိုက်စားခြင်းသည် အကျင့်ဖောက်ပြန်ခြင်းဖြစ်သည့်အပြင် တံစိုးလက်ဆောင်ပေးခြင်း/ယူခြင်း၊ လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားပြုလုပ်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ ဆရာမွေးတပည့်မွေးခြင်း၊ ခြိမ်းခြောက်၍ ငွေညှစ်ခြင်း၊ အပေါင်းအဖော်ကောင်းစားရေး အတွက် ဘက်လိုက်ခြင်းနှင့် ဆွေမျိုးသားချင်း ကောင်းစားရေးဝါဒ ကျင့်သုံးခြင်းတို့အထိ ပါဝင်ပါကြောင်း၊ပညာပေး လုပ်ငန်း များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အစိုးရအဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး ဌာနများမှ ဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဖြစ်ပါကြောင်း၊

အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အသိပညာပေးခြင်းနည်းလမ်းသည် အခြေခံ ကျသည့်နည်းလမ်းတစ်ခု ဖြစ်သည့်အတွက် အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်နိုင်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့် အရွေ့တစ်ခုဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အသိပညာပေးဟောပြောပွဲများမှ အသိအမြင်၊ ဗဟုသုတ၊ ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အကျိုးကျေးဇူးများ ရရှိပြီး နိုင်ငံ့တာဝန်ကို ရိုးသားဖြောင့်မတ်စွာ ထမ်း‌ဆောင်ခြင်းဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုတွင် အုပ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်ကြစေလို ကြောင်း၊ ကော်မရှင် အနေဖြင့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်သို့ လှမ်းကိုင်နိုင်ရေးသည် အန္တိမ ရည်မှန်းချက်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေ သကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၊ အဖွဲ့ဝင်များ တက်ရောက်ကြပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများက အဂတိ လိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာနည်းပညာသင်တန်းကို မတ်လ ၃၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) မှ အဖွဲ့ဝင်များကို Online စနစ်ဖြင့် ဆက်လက်ဆွေးနွေး ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်